မော်လမြိုင်သုသာန်များတွင် ၃ ရက်အတွင်း ကိုဗစ်လူနာ ၇၀ ကျော် မီးသင်္ဂြိုင်ပေးခဲ့ရ










မွန်ပြည်နယ် မော်လမြိုင် သုသာန်တွေမှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇၀ ကျော် မီးသင်္ဂြိုင်ပေးခဲ့ရတယ်လို့ သုသာန်တာဝန်ရှိသူတွေက ပြောပါတယ်။
မော်လမြိုင် ပိန္နဲကုန်း သုသာန်မှာတော့ ဇူလိုင် ၁၁ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၁၇ ဦး၊ ဇူလိုင် ၁၂ ရက်နေ့မှာ ၂၁ ဦး၊ ဇူလိုင် ၁၃ ရက်နေ့မှာ ၁၇ ဦး စုစုပေါင်း ၆၅ ဦး မီးသင်္ဂြိုင်ပေးခဲ့ရတာပါ။
မော်လမြိုင် ပိန္နဲကုန်း သုသာန် တာဝန်ရှိသူ တစ်ဦးက “တခါမှ အဲလောက် ကိုဗစ်အတည်ပြုလူနာတွေကို မီးမသင်္ဂြိုင်ပေးခဲ့ဘူး၊ အခုက ရက်ဆက်ပဲ။ သုသာန်ဖွင့်တာနဲ့ ရောက်နေပြီး” လို့ DVB ကို ပြောပါတယ်။
အရင်က မော်လမြိုင် ပိန္နဲကုန်းသုသာန်မှာ တစ်ရက်ကို ကိုဗစ်အတည်ပြုလူနာ ၂ ဦးလောက်သာ မီးသင်္ဂြိုင်ပေးခဲ့ရပြီး ဒီ သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆၅ ဦးကို မီးသင်္ဂြိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။
အစ္စလာမ်သုသာန်ဖြစ်တဲ့ မော်လမြိုင် မြို့မစန္နီမွတ်စလင်ဥယျာဉ်မှာတော့ အခု ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးကို မြှုပ်နှံပေးခဲ့ရတယ်လို့ ဥယျာဉ်တော် တာဝန်ရှိသူ တစ်ဦးက DVB ကို ပြောပါတယ်။
“အခုက ရက်ဆက်ပဲ ကျနော်တို့ နေ့စဉ် မြှုပ်နှံပေးနေရတာ၊ လာတဲ့သူတွေကလည်း ကိုဗစ်အတည်ပြုလူနာတွေ များတယ်”လို့ သူက ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၃ ရက်နေ့ ကိုဗစ်အတည်ပြုလူနာ ၂၈၀၀ ကျော်ထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၁၀၀ နီးပါးထိ ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း မွန်ပြည်နယ် တစ်ခုလုံးမှာ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၂၁ ဦးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်တွေမှာတော့ မော်လမြိုင် ပိန္နဲကုန်း သုသာန်နဲ့ မော်လမြိုင် မြို့မစန္နီမွတ်စလင်ဥယျာဉ်တို့မှာ အဲဒီ ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇၆ ဦးကို မီးသင်္ဂြိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။