close

အင်ဒိုနီးရှားနှင့် မြန်မာအပါအ၀င်အာရှနိုင်ငံများထံ တရုတ် အောက်စီဂျင်စက်များရောင်းကောင်းနေ

အာရှဒေသမှာ ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံကနေ အမှာစာတွေ ခဏရပ်နားထားရချိန်မှာ အောက်စီဂျင်စက်နဲ့ PPE ထုတ်လုပ်တဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အင်ဒိုနီးရှားနဲ့ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေထံကို အောက်စီဂျင်စက်တွေ ရောင်းနေရတယ်လို့  ဂလိုဘယ်တိုင်းမ်သတင်းမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဂျရူဟာရီအိုရတ်မန်ဂန် ကတော့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာတွေအတွက် တရုတ်နိုင်ငံရှိ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဂျကာတာအစိုးရနဲ့ သံရုံးက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ 

လှူဒါန်းမှုအခြေအနေအရ အင်ဒိုနီးရှားနိုင်ငံကို ၀င်ရောက်လာတဲ့ အောက်ဆီဂျင်စက်တွေနဲ့ တခြား PPE ဝတ်စုံတွေအတွက် ပို့ကုန်လုပ်ထုံးလုပ်နည်းကို လွယ်ကူချောမွေ့အောင် လုပ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

မီဒီယာထုတ်ပြန်ချက်တွေအရ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုများပြားလှတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အောက်ဆီဂျင်ပြတ်တောက်နေလို့ အစိုးရဟာ စင်ကာပူနဲ့ တရုတ် အပါအ၀င် တခြားနိုင်ငံတွေဆီကနေ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေကို ရှာဖွေနေပါတယ်။

တရုတ်ပြည်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်၊ ရှန်ကျန်းအခြေစိုက် အောက်ဆီဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီတခုရဲ့ မန်နေဂျာက ပြီးခဲ့တဲ့အင်္ဂါနေ့က အင်ဒိုနီးရှားနိုင်ငံကနေ အမှာစာအသစ်တွေကို စတင်ရရှိခဲ့ပြီး အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံမှ စုစုပေါင်း အောက်ဆီဂျင်စက်  ၅၀၀၀ မှာယူခဲ့တယ်လို့ ပြောပြပါတယ်။

ကုမ္ပဏီအနေနဲ့ အချိန်ပို အလုပ်လုပ်နေပြီး ကုန်ပစ္စည်းအားလုံးကို နှစ်ပတ်အတွင်းပို့ဆောင်ပေးဖို့လည်း မျှော်မှန်းထားပါတယ်။

ဒေသတွင်းမှာ စမ်းသပ်ပြွန်တွေလို တခြားထုတ်ကုန်တွေလည်း  ၀ယ်လိုအား မြင့်တက်နေတာပါ။ တရုတ်ကုန်ပစ္စည်းပေးသွင်းသူတွေဟာ ဒေသတွင်း ကပ်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းအတွက် ယုံကြည်စိတ်ချရတဲ့မိတ်ဖက်တွေ ဖြစ်ကြပြီး အင်ဒိုနီးရှားနဲ့ မြန်မာ နှစ်နိုင်ငံလုံးဟာ တရုတ်ကာကွယ်ဆေးနဲ့ ကိုဗစ်-၁၉ ဆက်စပ်ပစ္စည်းတွေကို ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up