ဝက်လက်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာက အုပ်ချုပ်ရေးမှူး တစ်ဦး ဇူလိုင် ၁၅ ရက် နေ့လယ် ၂ နာရီလောက်က မင်းကုန်းကျေးရွာနဲ့ အစိုးရပိုင်သစ်တောကြား ကျောက်အိုတံတားအနီး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နန်းညွန့်လွင်(ခ)ဂဏန်း (၃၅) နှစ်ခန့်လို့ သိရပြီး ပြီးခဲ့တဲ့လက သူ့ကျေးရွာက လူငယ် ၇ ဦးကို စစ်ကောင်စီတပ်ကိုခေါ်ပြီး ဖမ်းဆီးခိုင်းခဲ့ဖူးသူ၊ တနိုင်တပိုင် ရွှေမျောတွေဆီကနေ ဆပ်ကြေး ကောက်ခံရာမှာလည်း နည်းပေးလမ်းပြ လုပ်ခဲ့ဖူးသူလို့ နာမည်ကြီးနေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခင်းဖြစ်ပွားပြီးညနေပိုင်းမှာ အင်အား ၄၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေက သေဆုံးသူ အလောင်းကို သစ်ဆိမ့်ရွာလာပိုရင်း ရွာအနောက်ဘက်က တောထဲကို တောနင်းရှာဖွေခဲ့ကြကာ တောထဲမှာနေထိုင်ပြီး ဆိတ်ကျောင်းနေသူ ဦးအေးလွင်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ဆိုင်ကယ်စီးခရီးသွား နှစ်ဦးကိုလည်း သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး ပထမဆုံးသတ်ဖြတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက သတ်တယ်ဆိုတာတော့ အတိအလင်း ကြေညာတာ မရှိသေးပါဘူး။