ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အင်းစိန်ထောင်ကို လော့ဒေါင်း ၂ ပတ်ပိတ်

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်ခံရသူရော သေဆုံးသူပါ စံချိန်တင်မြင့်တက်လာတဲ့အတွက် ရန်ကုန် အင်းစိန်ထောင်ကို အသွားအလာကန့်သတ် လော့ဒေါင်း သီတင်း ၂ ပတ်ကြာ ချထားလိုက်ပါတယ်။
ဇူလိုင် ၇ ရက်မှ ၂၀ ရက်နေ့ အထိ လော့ဒေါင်းချသွားမယ်လို့ အင်းစိန်ထောင်မှာ အချုပ်ကျနေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အမှုလိုက်ပေးနေတဲ့ ရှေ့နေတွေထံက သိရပါတယ်။
လက်ရှိမှာ ထောင်ထဲကို ဘယ်သူမှ ဝင်ခွင့်မပေးတော့ဘဲ ပစ္စည်းပဲပို့လို့ရတော့မှာဖြစ်ပြီး အမှုတွေကိုတော့ ဗီဒီယို ကွန်ဖရန့်စနစ်နဲ့ အွန်လိုင်းကနေ ရုံးထုတ်ပေးတော့မယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။
လောလောဆယ်ကတော့ ဇူလိုင်လ ၂၀ ရက်နေ့အထိ လော့ဒေါင်းလို့သတ်မှတ်ထားပေမယ့် အပြင်ဘက်က ကိုဗစ်-၁၉ ရောဂါ အခြေအနေဆိုးရင် ဆိုးသလို ရက်တိုးသွားဖို့ ရှိတယ်လို့ သိရပါတယ်။