ရုရှားက မြန်မာစစ်တပ်ကို လေယာဉ်ပျံအပါအဝင် စစ်ရေးလက်နက်ကိရိယာတွေကို ထောက်ပံ့

ရုရှားအစိုးရဟာ လေယာဉ်ပျံ အပါအဝင် စစ်ရေးလက်နက်ကိရိယာတွေကို ထောက်ပံ့ ပို့ဆောင်ရေးတွေမှာ မြန်မာအာဏာသိမ်း စစ်ကောင်စီအုပ်စုနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ ရုရှားရဲ့ နိုင်ငံတော် လက်နက်တင်ပို့ရေးဌာန Rosoboronexport ရဲ့ အကြီးအကဲ Alexander Mikheev က ပြောကြားခဲ့ကြောင်း Interfax သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားအစိုးရဟာ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်မှုတွေ၊ လက်နက်အရောင်းအဝယ်တွေ ဆက်လုပ်နေခြင်းအားဖြင့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို တရားဝင်ဖြစ်အောင် လုပ်နေတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြစ်တင်ထားပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရှိ Rosoboronexport ရဲ့ အဓိကဖောက်သည်နိုင်ငံတခု ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ လေကြောင်းနဲ့ ကာကွယ်ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Rostec ရဲ့ အဓိကမိတ်ဖက်အဖြစ် Mikheev က ဖော်ပြခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်က သမ္မတ ဗလာဒီမာပူတင် တက်ရောက်ခဲ့တဲ့ ရုရှားနှစ်ပတ်လည် MAKS လေကြောင်း ပြပွဲမှာ ဒီမှတ်ချက်တွေ ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့လက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို လာရောက်လည်ပတ်ချိန်က ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ မော်စကိုအနေနဲ့ စစ်ရေးဆက်ဆံမှုတွေကို ခိုင်မာအောင် လုပ်ဆောင်ဖို့ ကတိပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားအစိုးရဟာ ထောင်နဲ့ချီတဲ့ မြန်မာစစ်သားတွေကို စစ်သင်တန်းတွေနဲ့ တက္ကသိုလ် ပညာသင်ဆုတွေ ပေးခြင်းအပြင် အနောက်နိုင်ငံတွေကနေ နာမည်ပျက်စာရင်းသွင်းထားတဲ့ မြန်မာ စစ်တပ်ကို လက်နက်ရောင်းချခြင်းအားဖြင့် ဆယ်စုနှစ်ချီ နှစ်နိုင်ငံအကြားက စစ်ရေးဆိုင်ရာ ဆက်ဆံမှုတွေကို ကြီးထွားစေခဲ့ပါတယ်။