တိုကျိုအိုလံပစ်ဖွင့်ပွဲ မနက်ဖန်ကျင်းပမည်၊ အားကစားသမား ၈၇ ဦး ကိုဗစ်ကူးစက်ခံထားရ

ဇူလိုင် ၂၃ ရက်နေ့ မနက်ဖန်စတင်ကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေ စုစုပေါင်း ၉၅၀ လောက် တက်ရောက်ကြမယ်လို့ အိုလံပစ်ပွဲတော် ကျင်းပရေး ကော်မတီကပြောပါတယ်။
အခမ်းအနားကိုပင်မ အားကစားကွင်းကြီးမှာ ကျင်းပမှာ ဖြစ်ပေမယ့် ပရိသတ်တွေကို တော့ တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ဖျော်ဖြေရေးသမားတွေနဲ့ အားကစားသမားတွေလည်း တက်ရောက်ခွင့်ရကြမယ်လို့ တိုကျို ၂၀၂၀ အခမ်းအနား ကျင်းပရေး ပင်မဌာန အကြီးအကဲ ဟိုင်ဒီ မာဆာ နာကာမူရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၈၇ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာ ဗိုင်းရပ်စ်ကို အပြတ်ရှင်းလင်းဖို့က ခက်ခဲတဲ့အကြောင်းနဲ့ ရောဂါရှိသူတွေကို မြန်မြန်ဖော်ထုတ်ပြီး ကုသမှု မြန်မြန်ပေးဖို့က အရေးကြီးတယ်လို့ ဖြေကြားသွားပါတယ်။
အိုလံပစ် ကျေးရွာမှာ စခန်းသွင်းထားတဲ့ အားကစားသမား ၂ ယောက်ဆီမှာလည်း ကိုဗစ် ကူးစက်ထားတာ တွေ့ရှိရတဲ့အကြောင်း တိုကျိုအိုလံပစ် ကျင်းပရေး ကော်မတီက ပြောပါတယ်။ အိုလံပစ်ပွဲတော် ကျင်းပခါနီး အချိန်မှာ အခုလို ကိုဗစ် ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် အိုလံပစ် ပွဲတော်ကို ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းရနိုင်တဲ့ သဘောမျိုး အိုလံပစ် ကော်မတီ ဥက္ကဋ္ဌကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က ပြောခဲ့ပါတယ်။
အားကစားသမားတွေကြားမှာ ကိုဗစ် ရောဂါ ကူးစက်မှုတွေ တွေ့ရတဲ့အတွက် စပွန်ဆာ ကုမ္မဏီတွေ ကိုယ်တိုင်က မနက်ဖန် ဖွင့်ပွဲအခမ်းအနားကို မတက်ရောက်တော့ဖို့ ဆုံးဖြတ်ထားကြပါတယ်။
ဒီလို စိုးရိမ်မှုတွေ ကြားကပဲ နိုင်ငံ ကိုယ်စားပြု အသင်းတွေကို အားပေးမယ့် ပရိသတ်တွေကလည်း အဆင်သင့် ရှိနေကြပါတယ်။
နိုင်ငံ ကိုယ်စားပြု အသင်းတွေဟာ အားကစား ကျေးရွာမှာ စခန်းသွင်းထားတာဖြစ်ပြီး အိုလံပစ်အကြို ကိုဗစ် ရောဂါ ကူးစက်မှုဟာ အားကစားပွဲတော်အပေါ် အရိပ်မည်းထိုးထားပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် အားကစား ပွဲတော်ကို မနှစ်က မကျင်းပဖြစ်ဘဲ နောက်ဆုတ်ခဲ့ရသလို၊ ဒီနှစ်မှာတော့ ပရိသတ်မပါဘဲ ကျင်းပဖို့ ဆုံးဖြတ်ထားပါတယ်။