စာချုပ်သက်တမ်းကုန်ချိန်အထိ စီရော်နယ်ဒို ဆက်ရှိမည်ဟု ဂျူဗင်တပ်စ်အသင်းကြေညာ

တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ကစားမယ်လို့ ဂျူဗင်တပ်စ်အသင်းဒုတိယဥက္ကဋ္ဌ နက်ဗက်က အတည်ပြုလိုက်ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့ တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့တာဖြစ်ပြီး လာမယ့်ရာသီကုန်အထိ ဆက်ရှိနေတော့မှာပါ။
အသက် ၃၆ နှစ်ရှိ ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်၊ မန်ယူအသင်းတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းက အသင်းမှာဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
“ရော်နယ်ဒိုက တနင်္လာနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းပါလိမ့်မယ်။ သူ ကျနော်တို့နဲ့အတူ ဆက်ရှိနေမှာပါ” လို့ နက်ဗက်က စကိုင်းစပေါ့ အီတလီယာကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဂျူဗင်တပ်စ်အတွက် စုစုပေါင်း ၇၃ ဂိုးသွင်းခဲ့ပြီး ဥရောပထိပ်တန်း ၅ လိဂ်မှာ လီဝန်ဒေါစကီး ပြီးရင် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းအနေနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်း ရောက်ရှိနေတဲ့ ဒိုင်ဘာလားနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တစ်ခုချမှတ်ဖို့ ရှိပါတယ်။ အလားတူ အသင်းခေါင်းဆောင် ချီလီနီလည်း စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်လို့ ဆွေးနွေးသွားမယ်လို့ နက်ဗက်က ပြောပါတယ်။