ဆော်ပေါ်လိုမြို့တွင် ဆန္ဒပြသူများနှင့်ရဲများကြား ရုန်းရင်းဆန်ခတ်ဖြစ်

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ သမ္မတ ယိုင်းဘော့စိုနာရိုကို စွပ်စွဲပြစ်တင်ရေး တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဇူလိုင် ၂၄ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
သမ္မတဟာ ကိုဗစ်ကပ်ဘေးသင့်ကာလမှာ အဂတိလိုက်စားမှုဆိုင်ရာ ကျော်မကောင်း ကြားမကောင်းမှုတွေကြောင့် လတ်တလော သီတင်းပတ်တွေအတွင်း လူကြိုက်များမှု ကျဆင်းလာနေပါတယ်။
ညဘက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက် တွေ့ခဲ့တာမှာ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ မီးခိုးတွေနဲ့ အသံဗုံးတွေလည်း ဆူညံနေပါတယ်။
မဲတိုင်းအတွက် မဲစာရွက်အပါအဝင် အီလက်ထရောနစ် မဲပေးစနစ်ကို မပြင်ဆင်ဘဲ လာမယ့်နှစ် ရွေးကောက်ပွဲကို ကျင်းပမှာ မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက အောက်လွှတ်တော်ခေါင်းဆောင်တွေကို ပြောခဲ့တယ်ဆိုတဲ့သတင်း ဒီသီတင်းပတ်ထဲမှာ ပေါက်ကြားခဲ့တာပါ။
လက်ရှိ မဲပေးစနစ်ဟာ အလိမ်အညာတွေ ထူပြောနေတယ်လို့ သက်သေ မပါဘဲ သမ္မတက အကြိမ်ရေ အတော်များများ ပြောခဲ့ပြီး အစိုးရကတော့ သမ္မတရဲ့ စကားကို ငြင်းဆို ထားပါတယ်။
ဘော့စ်ဆိုနာရိုဟာ လာမယ့်နှစ်မှာ ပြန်ရွေးကောက်ခံဖို့ စီစဉ်နေပြီး သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက် လက်ဝဲယိမ်း သမ္မတဟောင်း လူးဝစ် အင်နာစီယို လူလာ ဒါ စီလ်ဗာကို ရင်ဆိုင်ရဖို့ ရှိပါတယ်။ လက်ရှိ ထင်မြင်ချက် စစ်တမ်းအရ ဘော့စိုနာရိုဟာ လူလာကို ရှုံးနိုင်ချေ ရှိနေတယ်လို့ ပြထား ပါတယ်။
လက်ရှိသမ္မတ ဘော့စိုနာရိုရဲ့ ခေါင်းဆောင်မှု အောက်မှာ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ဘရာဇီးပြည်သူ ငါးသိန်းကျော် သေဆုံးခဲ့ ပြီးပါပြီ။
အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဝယ်ယူမှုနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှု ဖြစ်နိုင်ချေအတွက် ဘော့စိုနာရိုကို အထက်လွှတ်တော်မှာ စပြီး စုံစမ်းစစ်ဆေးနေ ပါတယ်။