close

အမေရိကန်ကာကွယ်ရေးဝန်ကြီးက မြန်မာစစ်ခေါင်းဆောင်များကို လူသိရှင်ကြား ရှုတ်ချ

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွှိုက်ဒ်အော်စတင်ဟာ အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို လူသိရှင်ကြား ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ရေး ဆက်လက်တောင်းဆိုပေးဖို့ အာဆီယံကို ဇူလိုင် ၂၇ ရက်နေ့က တိုက်တွန်း ပြောလိုက်ပါတယ်။ 

ဧပြီလတုန်းက  မြန်မာစစ်ခေါင်းဆောင်နဲ့ သဘောတူညီချက် ၅ ချက် ရရှိခဲ့တာ အပါအဝင် အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ အားထုတ်ကြိုးပမ်းမှုတွေအတွက် အာဆီယံအဖွဲ့ကို ချီးကျူးတယ်လို့လည်း အော်စတင်က ပြောပါတယ်။ 

အာဆီယံသဘောတူညီချက် ၅ ချက်ထဲမှာ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ဖို့၊ ဆွေးနွေးမှုတွေမှာ ကြားဝင်ဖျန်ဖြေစေ့စပ်ပေးမယ့် အထူးကိုယ်စားလှယ်ခန့်အပ်ဖို့၊  သက်ဆိုင်သူတွေအကြား တွေ့ဆုံဆွေးနွေးမှု စတင်ဖို့ တွေပါတင်ပါတယ်။

ဒါပေမဲ့  ခုချိန်ထိ အထူးကိုယ်စားလှယ်တယောက်ကို မခန့်အပ်ထားရသေးသလို သဘောတူညီချက်တွေ ဘာတခုမှလည်း အကောင်အထည်ဖော်လုပ်ဆောင်တာလည်း မရှိပါဘူး။

မြန်မာပြည်သူတွေရဲ့ ငြင်းပယ်လို့မရတဲ့ အခွင့်အရေးတွေကို လေးစားဖို့နဲ့ ကောင်းရာကောင်းကျိုးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာစစ်တပ်ရဲ့ ပျက်ကွက်မှုတွေဟာ လုံးဝကို လက်မခံနိုင်စရာပဲလို့ ကာကွယ်ရေးဝန်ကြီး အော်စတင်က စင်္ကာပူရှိ ဟောပြောပွဲတခုမှာ ပို့ချချက်မှာ ပြောပါတယ်။ 

စစ်တပ်ဟာ သူ့ပြည်သူတွေအတွက် အစေခံ၊ အမှုထမ်းဆောင်ရမှာ ဖြစ်ပြီး တခြားဘာအကြောင်းမှ လုပ်ဆောင်ရဖို့ မရှိဘူး လို့လည်း ဆိုပါတယ်။ ဒါကြောင့် အာဆီယံရဲ့ အချက် (၅) ချက်ပါ သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ကြောင်း ဖြည့်စွက်ပြောဆိုပါတယ်။

အဓိကအခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်လို့ ရနိုင်တဲ့ အာဆီယံအနေနဲ့ ဒီပြဿနာကို ဆက်လက်လုပ်ဆောင်ဖို့လဲ ထပ်ပြီးတိုက်တွန်းသွားမှာဖြစ်တယ်လို့ အော်စတင်က ပြောပါတယ်။ အမေရိကန်အနေနဲ့ ဒေသတွင်းရှိ မိတ်ဘက်တွေနဲ့ ပူးပေါင်းပြီးတော့ မြန်မာစစ်တပ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့နဲ့ ထောင်သွင်း အကျဉ်းချခံထားရတဲ့ အရပ်သားပြည်သူတွေကို ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းလိုကြောင်း ပြောဆိုပါတယ်။

အရှေ့တောင်အာရှခရီးစဉ်ကို ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်ဟာ စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းနဲ့ မနေ့ကတွေ့ဆုံခဲ့သလို နှစ်နိုင်ငံဆက်ဆံရေးကို ထပ်မံ အတည်ပြုဖို့  စင်ကာပူ ကာကွယ်ရေးဝန်ကြီးနဲ့လည်း  တွေ့ဆုံခဲ့ပါတယ်။

အငြိမ်းစား ကြယ်လေးပွင့် စစ်ဗိုလ်ချုပ်ဟောင်း အော်စတင်ဟာ လာမယ့်နေ့တွေမှာ တခြားအရှေ့တောင်အာရှမဟာမိတ်နိုင်ငံတွေနဲ့ တွေ့ဆုံဖို့ရှိပြီး  တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေကြားက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up