ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ၄ မြို့နယ်တွင် ရေကြီးရေလျှံ၊ လူပေါင်း ၁၅၀၀ ကျော် ရေဘေးသင့်













ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ၄ မြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံကျလာတဲ့အတွက် မြစ်ကမ်းနားနီး ကျေးရွာနဲ့ ရပ်ကွက်ထဲက နေအိမ်ပေါင်း ၆၀၀ ကျော် ရေဝင်ကာ ပြည်သူပေါင်း ၁၅၀၀ ကျော် ရေဘေးသင့်ရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
တာ့ခ်ခရိုင်ထဲမှာ တစ်ပတ်လောက် မိုးရွာသွန်းနေတာကြောင့် သောင်ရင်းမြစ်နဲ့ မြစ်လက်တက် ချောင်းတွေ ရေလျှံပြီး မဲ့လမတ်၊ ထာ့ဆောင်ယန်း၊ ဖုတ်ဖရနဲ့ မဲဆောက်မြို့နယ်ရှိ ကျေးရွာနဲ့ ရပ်ကွက်တချို့ ရေတွေဝင်ရောက်လာတာလို့ ဆိုပါတယ်။
ခုတပတ်တွင်း သောင်ရင်းမြစ်ရေ ၁ မီတာထိ မြင့်တက်နေပြီး ဇူလိုင် ၂၈ ရက်နေ့က မိုးထပ်ရွာတာကြောင့် နောက်ထပ် ၁ မီတာမြင့်လာလို့ ၂ မီတာထိ မြင့်တက်လာကြောင်း၊ သောင်ရင်းမြစ်ကမ်းနဘေး မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ထဲကို ရေတွေဝင်လာလို့ ပြည်သူတွေ အမြင့်ရပ်ကွက်ထဲကို ခဏရွှေ့ပြောင်းကြရပြီး ဓာတ်လိုက်မှာစိုးတဲ့အတွက် သက်ဆိုင်ရာက လျှပ်စစ်ဓာတ်အားလိုင်းတွေ ဖြတ်တောက်ထားရတယ်လို့ ဆိုပါတယ်။
မဲ့လမတ်မြို့နယ်ထဲမှာတော့ တောင်ကျရေတွေဟာ မယ်လမော့ချောင်းရေထဲကို စီးဝင်လာပြီး သောင်ရင်းမြစ်ထဲ စီးဆင်းလို့ မရတော့တဲ့အတွက် အနီးနား ရပ်ကွက်နဲ့ ကျေးရွာထဲကို ရေတွေလျှံကျလာတာလို့ ဆိုပါတယ်။ မယ်လမတ်မြို့ နယ်ထဲမှာ အိမ်ခြေပေါင်း ၆၇၀ က ပြည်သူ ၁၅၀၀ ကျော်ရေဘေးသင့်ခဲ့ပါတယ်။
မဲဆောက်မြို့နယ် မယ်ပအုပ်စု ပါဟွေ့ကျေးရွာမှာ မြန်မာခြံအလုပ်သမား ၁၁ ဦး ရေထဲ ပိတ်မိနေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက လှေနဲ့သွားခေါ်ကာ ဘုန်းကြီးကျောင်းမှာ ယာယီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ချနယ်လ် ၃ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် မဲ့ကာဆာအုပ်စုထဲမှာလည်း မြန်မာလုပ်သားနဲ့ ရွာသား စုစုပေါင်း ၃၀ ကျော် ရေထဲပိတ်မိ နေပြီး ၂ ရက်တာ ထမင်းမစားရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့က လှေနဲ့ ထမင်းထုတ်တွေ သွား ဝေပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တာ့ခ်ခရိုင်နဲ့ ဆက်စပ်နေတဲ့ ဗိဿနုလုတ်ခရိုင်ထဲမှာလည်း ရေကြီးရေလျှံလို့ မြို့နယ် ၂ ခုက ရပ်ကွက် နဲ့ ကျေးရွာပေါင်း ၄၆ ခု ရေဘေးသင့်ရတယ်လို့ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၂၉ ရက် မနက် ၆ နာရီမှ ဇူလိုင် ၃၀ ရက် မနက် ၆ နာရီထိ ထိုင်းနိုင်ငံ ခရိုင် ၁၁ ခုမှာ မိုးကြီးနိုင်ပြီး တောင်ကျရေတွေ သတိထားဖို့၊ ကမ်းခြေနားနီးခရိုင်တွေမှာ ဘင်္ဂလားပင်လယ်မှာ လှိုင်းလုံးအမြင့် ၂ မီတာမှ ၃ မီတာထိ တက်လာနိုင်တာကြောင့် လှေငယ်တွေ ကမ်းမထွက်ဖို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ၁၁ ခရိုင်မှာ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ဘင်ကန်၊ စကွန်းနခွန်း၊ နခွန်းပထုန်၊ ချိုင်းယဖွန်း၊ ဘူရီလမ်၊ ရယောင်း၊ ကျန်ထပူရီ၊ ဘန်ကောက်၊ ချွန်းဖွန်းစတဲ့ခရိုင်တွေပါဝင်ပြီး ဒေသရဲ့ ၄၀ မှ ၆၀ ရာခိုင်နှုန်းထိ မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။