တူရကီ တောမီးကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာ

တူရကီနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်မှာ ဇူလိုင် ၃၀ ရက်က တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီး နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်ခြောက်ခုမှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေတယ်လို့ သစ်တောဝန်ကြီးက ပြောပါတယ်။
တူရကီနိုင်ငံရဲ့ အက်ဂျီယန်ပင်လယ်နဲ့ မြေထဲပင်လယ် ကမ်းရိုးတန်းတွေပေါ်က ပြည်နယ် ၁၇ ခုမှာ ဒီသီတင်းပတ်အတွင်း တောမီးလောင်ကျွမ်းမှု ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေက တောမီးလောင်ရတဲ့အကြောင်းကို စတင်စုံစမ်းစစ်ဆေးနေပြီး ဒါနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြဖို့ တာဝန်ရှိသူတွေကို မှာကြားထားပါတယ်။
အခုချိန်ထိ ဒါဇင်နဲ့ချီတဲ့ ကျေးရွာတွေနဲ့ ဟိုတယ်အချို့ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဗီဒီယိုရုပ်သံဖိုင်တွေထဲမှာ လူတွေဟာ သူတို့နေအိမ်တွေဆီ မီးက နီးလာတာကြောင့် ကွင်းတွေဖြတ်ပြေး၊ ကြောက်လန့်ပြီး ငိုနေကြတာတွေ တွေ့ရပါတယ်။