close

မဂါးရန် ကချင်စစ်ရှောင်စခန်းတွင် မြေပြိုမှုကြောင့် နေအိမ် ၅ လုံးပြိုကျ၊ ၁ ဦး သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲ  မဂါးရန်ကချင်စစ်ဘေးရှောင် အိုင်ဒီပီစခန်းမှာ ဒီကနေ့ မနက်အစောပိုင်းက ရေကြီးမြေပြိုတာတွေ ဖြစ်ပွားခဲ့လို့ အိမ်ခြေ ၅ လုံး မြေပြိုထဲပါသွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ စခန်းတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ 

ဩဂုတ် ၁၂ နက် မနက် ၄ နာရီလောက်ကစပြီး မိုးများပြီး မြေပြိုတာတွေ ဖြစ်ပွားခဲ့တာလို့  မဂရန် စခန်းတာဝန်ရှိသူက ပြောပါတယ်။ 

“အသက် ၃၈ အရွယ် မိန်းမ တစ်ယောက်ဆုံးသွားပြီ။ သူက အိမ်ထဲမှာနေနေတာ အိမ်နဲ့ တခါတည်းပါသွားတာ။ သူမိသားစုဝင်တွေတော့ အကုန်လုံးလွတ်သွားတယ်။ ထိခိုက်တာတွေကတော့ အသက် ၈၂ နှစ်လောက်ရှိတဲ့ အဖွားကြီးတယောက်ထိတယ်။ ”

ဒီမြေပြိုမှုကြောင့် နေအိမ် ၅ လုံး လုံးဝပျက်စီးသွားပြီး နေအိမ် ၁၀ လုံးကျော်ကလည်း တချို့ တဝက်ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။

နေအိမ်ပျက်စီးသွားသူတွေ လူပေါင်း ၂၀ ကျော်ကိုလည်း လက်ရှိ စခန်းတွင်းက ဘုရားကျောင်းမှာ နေရာချထားပေးပြီး သူတို့အတွက် အစားသောက်နဲ့ နေအိမ်ပြန်တည်ဆောက် နိုင်‌ရေး အကူအညီတွေ လိုအပ်နေတယ်လို့လည်း စခန်းတာဝန်ရှိသူက ပြောပါတယ်။ 

မဂါးယန် ဒုက္ခစခန်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တကျော့ပြန် ကချင်စစ်ပွဲကြောင့် ဒေသခံတွေ ထွက်ပေးတိမ်းရှောင်ခဲ့ပြီး ခိုလှုံနေတဲ့ အိုင်ဒီပီဒုက္ခသည်စခန်းဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အိမ်ခြေ ၄၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀ ကျော် ခုံလှုံနေထိုင်ကြောင်းလည်း စခန်းတာဝန်ရှိသူက ပြောပါတယ်။ 

မဂါးယန်ဒုက္ခသည်စခန်းမှာ လက်ရှိအစားအသောက်အတွက်  အစိုးရမဟုတ်သောအဖွဲ့တွေက ပို့ဆောင်ပေးနေပေမဲ့ အခုတပတ်အတွင်း မိုးကြီးမြေပြိုမှုကြောင့် လမ်းတွေ ပျက်စီးပြတ်တောက်သွားတဲ့အတွက် ဆက်သွယ်ရေးလမ်းတွေ ပြတ်တောက်နေတယ်လို့လည်း စခန်းတာဝန်ရှိသူ ဒီဗွီဘီကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up