close

၄၄ လမ်းတိုက်ပေါ်မှ ခုန်ချခဲ့သည့်လူငယ် ၃ ဦး ဆေးရုံရောက်သည်အထိ သတိကောင်းကောင်း ရနေ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်  ၄၄ လမ်းဖြစ်စဉ်မှာ တိုက်ပေါ်က ခုန်ချသူခဲ့တဲ့ လူငယ်တွေထဲက  ၃ ယောက်ဟာ သတိကောင်းကောင်းရတဲ့ အခြေအနေနဲ့ ဆေးရုံကိုရောက်ခဲ့တယ်လို့ သူတို့ကို ကူညီခဲ့တဲ့ ပရဟိတသမားတွေက ပြောပါတယ်။

သုံးထပ်တိုက်ပေါ်ကနေ  ခုန်ချခဲ့တဲ့ ၅ ယောက်မှာ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၃ ယောက်ကတော့ ဒဏ်ရာရခဲ့တာပါ။

“သူတို့က ခြေကျိုး လက်ကျိုးပဲ ဖြစ်တာဆိုတော့လေ။ ကျနော်တို့ သယ်တဲ့အချိန်မှာ သူတို့ ဆေးရုံအထိ အသက်ပါတယ်။ ဆေးရုံရောက်ပြီး နောက်ပိုင်း အခြေအနေတော့ မသိဘူးပေါ့။ ၃ ယောက်လုံး သတိရှိနေတယ်။ ရေတွေဘာတွေတောင်းလို့ ကျနော်တို့ တိုက်လိုက်သေးတယ်” ကူညီခဲ့သူ တယောက်က ပြောပါတယ်။ 

အခင်းဖြစ်ချိန်ဟာ ညနေ ၃ နာရီကျော်လောက်မှာ ဖြစ်ပေမဲ့ ညနေ ၅ နာရီကျော်မှ ဆေးရုံတွေကို ပို့ပေးရတာဖြစ်ပါတယ်။

"တယောက်က ခေါင်းထိထားတယ်။ ၂ ယောက်က ခြေကျိုး လက်ကျိုးပဲဖြစ်တာ။ အဲ ၂ ယောက်ကိုတော့ တပ်မတော် အရိုးအကြောဆေးရုံကို ပို့ခဲ့ရတယ်။ Dead Body (အလောင်း) တွေနဲ့ ခေါင်းထိထားသူကိုတော့ အမှတ် ၁ ခုတင် ၁၀၀၀ တပ်မတော် ဆေးရုံမှာ ထားခဲ့ရတယ်” လို့ ကူညီခဲ့သူ တယောက်က ပြောပါတယ်။

တိုက်ပေါ်က ခုန်ချခဲ့သူ ၅ ယောက်ထဲက အမျိုးသားတစ်ယောက်နဲ့  အမျိုးသမီးတစ်ယောက်ကတော့ ကူညီသူတွေ ရောက်မလာခင်ကပဲ သေဆုံးနေပြီး ဖြစ်ပါတယ်။

“၃ နာရီခွဲလောက်မှာ စဖြစ်တာ ဖြစ်မယ်။ ယောကျ်ားလေးတယောက်နဲ့ မိန်းကလေးတယောက်ကို စစ်တပ်က လိုက်ဖမ်းတာမှာ သူတို့ နေတဲ့ အိမ်လှေကားနားအရောက်မှာ မိသွားတယ်။ မိခါနီးမှာ သေနတ်နဲ့ ပစ်ဖမ်းသေးတယ်။ ဒါပေမဲ့ ထိပုံ မရဘူး။ ခဏနေတော့ စစ်သားနဲ့ ရဲ ၁၀ ယောက်လောက် အိမ်အပေါ်ထပ်ကို တက်တာပဲ။ အဘိုးကြီးနဲ့ အဘွားကြီး  နှစ်ယောက်တည်းနေတဲ့ အိမ်ထပ်ခိုးကို သူတို့က ငှားနေတာဆိုတော့ အောက်ထပ်တံခါးကို ကန်ဖွင့်နေကတည်းက တယောက်က စ ခုန်ချတယ်။ ပြီးတော့ အတွဲလိုက် ထပ်ကျကြတာ။ သူတို့ ခုန်ချပြီး တော်တော်ကြာမှ ပရဟိတသမားတွေကို လာခွင့်ပေးတာ" လို့ မျက်မြင်တွေ့ သူ တယောက်က ပြောပါတယ်။

ကျဆုံးခဲ့သူတွေထဲက မဝေဝေမြင့်ကို ဩဂုတ် ၁၁ ရက်ညနေပိုင်းက ကျူချောင်းသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး  ဓာတ်ပုံရိုက်ခွင့်နဲ့ အရိုးပြာယူခွင့် မရခဲ့ဘူးလို့ ခင်ပွန်းဖြစ်သူက လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းမှာ   ဩဂုတ် ၁၀ ရက် ညနေက စစ်ကောင်စီတပ်တွေက လိုက်ဖမ်းစဉ် လူငယ်တွေ တိုက်ပေါ်က ထွက်ပြေးခုန်ချခဲ့တဲ့ ဖြစ်စဉ်မှာ  ၂ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ သွားကာ ၃ ဦးဖမ်းမိခဲ့တယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက မနေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ သေဆုံး ဒဏ်ရာရသူ အရေအတွက်ဟာ လွတ်လပ်တဲ့မီဒီယာတွေက ဖော်ပြတဲ့ အရည်အတွက်နဲ့ မတူကွဲပြားမှုတွေရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up