ကနေဒါစီးပွားရေးသမားအား ထောင်ဒဏ်ချမှတ်ခဲ့သည့်တရုတ်ကို ကနေဒါ ပြစ်တင်ရှုတ်ချ

တရုတ်တရားရုံးက ကနေဒါစီးပွားရေးသမား မိုက်ကယ်စပါဗာကို သူလျှိုမှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်စီရင်ချက်ချတဲ့အပေါ် တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီးက သြဂုတ် ၁၁ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ကနေဒါဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ထပ်ဆင့်ပြောရင်း သူ့ကို ချက်ချင်းလွှတ်ပေးဖို့ကိုလည်း ဆော်သြလိုက်ပါတယ်။
သံအမတ်ကြီး ဒိုမစ်နစ်ဘာတွန်ဟာ စပါဗာရှိရာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက ထိန်းသိမ်းရေးစခန်းကို သွားရောက်ခဲ့ပါတယ်။
သံအမတ်ကြီးက “မိုက်ကယ်စပါဗာနဲ့ မိုက်ကယ်ကို့ဗ်ရစ်ချ်တို့ဟာ ဥပဒေမဲ့ ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ အချက်ကို အစကတည်းက ထိန်းထားတယ်။ သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ ဆက်ပြီး ဆော်သြသွားမယ်။ သူတို့ လွတ်မြောက်ရေး သေချာစေဖို့ ကျနော်တို့ မမောနိုင် မပန်းနိုင် ဆက်လုပ်သွားမယ်” လို့ ပြောပါတယ်။
“စပါဗာအား စီရင်ချက်ချတာကို လုံးဝ လက်သင့်မခံနိုင်ဘူး မတရားဘူး” လို့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူက ပြောခဲ့တာပါ။
ကနေဒါသံအမတ်ဟောင်း မိုက်ကယ်ကို့ဗ်ရစ်ချ်ဟာလည်း သူလျှိုမှုနဲ့ တရားစီရင်ခံဖို့ စောင့်နေရပြီး သူတို့ ၂ ယောက်လုံးကို ပြန်လွှတ်ပေးဖို့ ကနေဒါ ဝန်ကြီးချုပ်က ဆော်သြခဲ့ပါတယ်။
အမေရိကန်နဲ့တရုတ်အစိုးရတို့ ပါဝင်ပတ်သက်နေတဲ့ ပိုကျယ်ပြန့်တဲ့ သံတမန်ရေး ကတောက်တဆ ဖြစ်ရပ်တွေထဲမှာ သူလျှိုမှုတွေ ပါပါတယ်။
တရုတ်တယ်လီကွန်လုပ်ငန်းကြီး ဟွာဝေးရဲ့ ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင် အရာရှိချုပ်ကို အကျဉ်းသားအဖြစ် အမေရိကန်ကို လွှဲမပေးရေး နောက်ဆုံးတွန်းအားပေးဖို့ ကနေဒါက သူ့ရှေ့နေ တွေ ကြိုးစားနေချိန်မှာ ခုလို ကနေဒါ စီးပွားရေးသမားကို တရုတ်က စီရင်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။