close

နီကာရာဂွါသတင်းစာ La Prensa ကို အမှု ၂ ခုဖွင့်

နီကာရာဂွါသမ္မတ ဒန်နီရယ်အော်တေးဂါးရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံမှာ တစ်ခုတည်းသော သတင်းစာ La Prensa ကို အကောက်ခွန်လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ အမှုဖွင့်လိုက်ပြီးနောက်မှာ သြဂုတ် ၁၃ ရက်မှာတော့ ရဲတပ်ဖွဲ့က သတင်းစာတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ 

အဲ့ဒီနောက် ရဲတပ်ဖွဲ့ဟာ သတင်းစာတိုက် ၀န်ထမ်းတွေကို သူတို့ရဲ့ဆဲလ်ဖုန်း အသုံးပြုခြင်းကို တားမြစ်ခဲ့တယ်လို့ La Prensa ရဲ့ အယ်ဒီတာချုပ် အဒူရာဒိုအန်ရီကွက်ဇ်က ရိုက်တာကို ပြောပါတယ်။ ရဲတွေရောက်လာချိန်မှာ သတင်းစာတိုက်မှာ သူ ရှိမနေဘူးလို့လည်း ပြောပါတယ်။

ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်ထဲမှာ “အမျိုးသားရဲတပ်ဖွဲ့ဟာ La Prensa သတင်းစာနဲ့ သူ့ရဲ့ ဒါရိုက်တာတွေကို အကောက်ခွန်လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့အတွက် စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့တယ်” လို့ ဆိုပါတယ်။ 

ဒါရိုက်တာတွေကိုလည်း မှတ်ချက်ပေးဖို့ ချက်ချင်းဆက်သွယ်လို့ မရသေးပါဘူး။ ၂၀၁၈ ခုနှစ်အတွင်း သမ္မတရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အလယ်အမေရိကနိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေကို ဖြိုခွဲရာမှာ လူ ၃၂၆ ဦး သေဆုံးခဲ့ပြီးနောက်မှာ  "အာဏာရှင်" လို့ အကြိမ်ကြိမ် ရည်ညွှန်းသုံးစွဲခဲ့တဲ့ La Prensa သတင်းစာဟာ သမ္မတ အော်တေးဂါးအတွက် ဆူးတချောင်း ဖြစ်နေခဲ့တာ ကြာပါပြီ။

သက်တမ်း ၉၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ La Prensa သတင်းစာဟာ အာဏာပိုင်တွေရဲ့ သတင်းစာအတွက် မင်နဲ့စက္ကူ ထုတ်ပေးခွင့်ကို တားမြစ်ခံထားရလို့ ဒစ်ဂျစ်တယ်သတင်းတွေကိုသာ ထုတ်ဝေတော့မယ်လို့ သြဂုတ် ၁၂ ရက်က ပြောကြားခဲ့ပါတယ်။ 

La Prensa သတင်းစာကို  နီကာရာဂွာရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ချာမော်ရိုမိသားစုက ပိုင်ဆိုင်ပါတယ်။ 

သမ္မတနေရာ မျှော်မှန်းထားပြီး နိုဝင်ဘာလ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်ကြတဲ့ La Prensa သတင်းစာ ဒုဥက္ကဋ္ဌ ခရစ္စတီရာနာချာမော်ရိုနဲ့  ၁၉၉၀ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပထမဆုံး အမျိုးသမီးသမ္မတ ဗိုအိုလီတာချာမော်ရိုတို့ရဲ့ သမီးဖြစ်သူ အပါအဝင် အဖွဲ့ဝင်အတော်များများ လတ်တလောလတွေအတွင်းမှာပဲ အဖမ်းခံထားရ တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up