ဟာရီကိန်း အသင်းတွင် ဆက်ရှိနေမည်ဟု စပါးနည်းပြ နူနိုဆန်းတို့စ် ယုံကြည်

တိုက်စစ်မှူးဟာရီကိန်းအနေနဲ့ စပါးအသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ နည်းပြ နူနိုဆန်းတို့စ်က ယုံကြည်နေပါတယ်။
ဟာရီကိန်းဟာ မနေ့က မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင် နိုင်ခဲ့ခြင်းမရှိခဲ့တာဟာ ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဟာရီကိန်းဟာ အသင်းကို ကူညီနိုင်ဖို့အတွက် လေ့ကျင့်ပြင်ဆင်နေတာဖြစ်ပြီး အသင်း သားတွေနဲ့အတူ ရှိနေတယ်လို့ နည်းပြဆန်းတို့စ်က ပြောပါတယ်။
“ဟုတ်ပါတယ်။ ဟာရီက ဘရိုင်ယန်ဂီလ်၊ ခရစ္စတီယန်ရိုမဲရိုးတို့လိုပဲ နောက်ကျပြီးမှအသင်းနဲ့ ပူးပေါင်းခဲ့တာပါ။ ဟာရီက သူ့ကိုသူ လေ့ကျင့်ပြင်ဆင်နေပြီး အသင်းကို ကူညီဖို့ အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။”
ဟာရီကိန်းအနေနဲ့ အသင်းနဲ့ ပူးပေါင်းမှုနောက်ကျခဲ့တာကြောင့် နောက်နေ့တွေမှာ ပိုပြီး လေ့ကျင့်ခန်း လုပ်ဆောင်သွားဖို့ လိုတယ်လို့ နည်းပြဆန်းတို့စ်က ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာရီကိန်းကို မန်စီးတီးအသင်းက ပေါင်သန်း ၁၅ဝ နဲ့ ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီး စပါးအသင်းဘက်က ရောင်းချမလားဆိုတာတော့ မသိရှိရသေးပါဘူး။