ဟာရီကိန်း အပြောင်းအရွှေ့ စပါးအသင်းက ဆုံးဖြတ်ချက် ချရမည်ဟု ဂွါဒီယိုလာ ပြော

မန်စီးတီးအသင်းအနေနဲ့ တိုက်စစ်မှူး ဟာရီကိန်းကို အမှန်တကယ် ခေါ်ယူလိုပြီး စပါးအသင်းက ဆုံးဖြတ်ချက်ချရမယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
စပါးအသင်းဘက်က ဟာရီကိန်းကို ရောင်းချဖို့ ဆွေးနွေးမှုမရှိရင် ခေါ်ယူနိုင်မှာမဟုတ်ကြောင်း ဂွါဒီယိုလာက ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။
“တော့တင်ဟမ်ဘက်က ဆွေးနွေးမူမလုပ်ရင် ပွဲကပြီးပါပြီ။ သူတို့ဘက်က လမ်းဖွင့်ပေးရင်တော့ ကမ္ဘာပေါ်ကအသင်းတိုင်းက ဟာရီကိန်းကို ခေါ်ယူချင်ကြပါလိမ့်မယ်။ ဟာရီက အလွန်ထူးခြား ကောင်းမွန်တဲ့ တိုက်စစ်မှူးပါ။ တော့တမ်ဟမ်အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ဘက်က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားပေမဲ့ တော့တမ်ဟမ်ဘက်က ဆွေးနွေးမှုမလုပ်ရင် ဘာမှထပ်ပြောစရာမရှိတော့ပါဘူး” လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ အက်စ်တွန်ဗီလာ တိုက်စစ်ကစားသမား ဂျက်ဂရေးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့တဲ့ မက်ဆီနဲ့ပက်သက်လို့ အံ့အားသင့်မိ ပြီး မက်ဆီကို ခေါ်ယူမယ့် အစီအစဉ်တော့မရှိသေးကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဟာရီကိန်းဟာ စပါးအသင်းနဲ့ လေ့ကျင့်ခန်း တချို့ပျက်ကွက်ခဲ့ပေမဲ့ ဩဂုတ် ၈ ရက်နေ့ ပြန်ဆင်းမှာဖြစ်ပြီး ပရော်ဖက်ရှင်နယ်မဆန်ဘူးဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာ နာကျင်ခံစားရကြောင်း ဟာရီကိန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။