ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃ သန်း ဘန်ကောက်ရောက်ရှိ

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး စီနိုဖှန်း ထိုးဆေးလုံးရေး ၂ သန်းနဲ့ စီနိုဗက် ထိုးဆေးလုံးရေ ၁ သန်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကို သြဂုတ် ၁၅ ရက်က ရောက်လာပြီလို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံဆီကို ကာကွယ်ဆေး ထိုးဆေးလုံးရေ ၂၄ ဒသမ ၅၅ သန်း ပေးပို့ခဲ့ပြီးပြီလို့လည်း ပြောခဲ့ကြောင်း ထိုင်းအမျိုးသားသတင်းဗျူရိုက သြဂုတ် ၁၆ ရက်မှာ ဖော်ပြာပါတယ်။
လက်ရှိဘုရင်ရဲ့ နှမအထွေးဆုံး မင်းသမီး တည်ထောင်ထားတဲ့ ချူလာဘွန် တော်ဝင် အကယ်ဒမီ (CRA) ကလည်း စီနိုဖန်းထိုးဆေး လုံးရေ ငါးသန်း ထိုင်းနိုင်ငံကို ပို့လာပြီ၊ နောက်ထပ် ထိုးဆေးလုံးရေ ငါးသန်းကိုတော့ သြဂုတ် ၃၁ ရက်မှာ ပို့လာမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း စီနိုဖန်း ကာကွယ်ဆေး ပထမတကြိမ်မှာ လူဦးရေ ၁ ဒသမ ၆ သန်းကျော်နဲ့ ဒုတိယအကြိမ်မှာ လူ ၆ သိန်းကျော် စုပေါင်း ၂ ဒသမ ၂၂၅ သန်း ထိုးနှံပေးပြီးပြီလို့ CRA ရဲ့ အတွင်းရေးမှူးချုပ် နိထိ မဟာနွန်ဒါက ပြောပါတယ်။
စီနိုဖန်းကာကွယ်ဆေးထိုးဖို့ စောင့်နေသူ ၂ ဒသမ ၄ သန်း ရှိပြီး ထိုးဆေးလုံးရေ ၂ သိန်း ၃ သောင်းကျော်ကို ကော်ပိုရေးရှင်းကြီးတွေ၊ ၂ သန်းကျော်ကို ဒေသခံစီမံအုပ်ချုပ်ရေးရုံးတွေနဲ့ နောက်ထပ် ထိုးဆေး ၁ သိန်းခွဲ ကျော်ကိုတော့ အထွေထွေပြည်သူတွေအတွက် ဝေစုခွဲပေးဖို့ လျာထားတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။