အပြောင်းအရွှေ့ သတင်းဖွနေကြသည့်အပေါ် စီရော်နယ်ဒို ဒေါသထွက်

ဂျူဗင်တပ်စ် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူနဲ့ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေ ဖွနေကြတဲ့အပေါ် ဒေါသထွက်နေပါတယ်။
ရော်နယ်ဒိုအနေနဲ့ ပီအက်စ်ဂျီ၊ မန်စီးတီးနဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ပါမကျန် အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်နေတဲ့အပေါ်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ပြန်လည်တုံ့ပြန်ခဲ့တာပါ။
ရော်နယ်ဒိုကတော့ သူ့အနေနဲ့ ဂျူဗင်တပ်စ်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ဖွနေကြတာဟာ လေးစားမှုမရှိတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြန်လည်တုံ့ပြန်ခဲ့တာပါ။
“ကျနော့်အမည်ကို အသုံးပြုပြီး ဖွနေကြတာကို ခွင့်မပြုနိုင်တာကြောင့် ငြိမ်ပြီး မနေနိုင်တော့ပါဘူး။ ကျနော့် ကစားသမားဘဝနဲ့ အလုပ်အပေါ် အပြည့်အဝအာရုံစိုက်ထားပြီး စိန်ခေါ်မှုတွေအားလုံးကိုလည်း ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကျနော့်အနာဂတ်နဲ့ပတ်သက်ပြီး မီဒီယာတွေမှာ တွေ့နေရတာဟာ မလေးမစားပြုမှုတာဖြစ်ပြီး တခြားကလပ်အသင်းတွေကိုလည်း မလေးစားရာရောက်ပါတယ်” လို့ ရော်နယ်ဒိုက ရေးသားထားပါတယ်။
ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဟာ မန်စီးတီးအသင်းကို တစ်နှစ်လုပ်ခ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့သလို တခြားကလပ်တွေကိုလည်း တစ်နှစ်လုပ်ခ ပေါင် ၂၅ သန်းခွဲ ကမ်းလှမ်းခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။
ပီအက်စ်ဂျီအသင်းဟာလည်း အမ်ဘာပေကို ထွက်ခွာခွင့်ပြုခဲ့ရင် ရော်နယ်ဒိုနဲ့ အစားထိုးပြီး မက်ဆီ၊ ရော်နယ်ဒို၊ နေမာ တိုက်စစ်အတွဲကို ပုံဖော်လိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။