တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေးဆွေးနွေး

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ ဩဂုတ် ၁၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း ဒုနိုင်ငံခြားရေး၀န်ကြီး ဧရာဝဏ်ယူဆွတ်ဖ်နဲ့ မြန်မာ့အရေး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် ဘရူနိုင်း၀န်ကြီး ဧရာဝဏ်ယူဆွတ်ဖ် ရဲ့အမြင်သဘောထားကို နားထောင်ပြီးနောက်မှာ တရုတ်နဲ့အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေဖြစ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ရရှိဖို့ မျှော်လင့်ကြောင်း တရုတ်ဝန်ကြီး ဝမ်ယိက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်အဖြစ် ဧရာဝဏ်ယူဆွတ်ဖ်ကို ခန့်အပ်တဲ့အပေါ် တရုတ်ကကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရှိ ပါဝင်သင့်သူအားလုံးကို တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးအဖြေ ကူညီရှာဖွေပေးဖို့ ဧရာဝဏ်ယူဆွတ်ဖ်အနေနဲ့ အာဆီယံလမ်းစဉ်ကို ကိုင်စွဲပြီး အချက် ၅ ချက်ပါ သဘောတူညီချက်အရ ထူးထူးကဲကဲ ကိုင်တွင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဝမ်ယိက ထုတ်ဖော်ပြောကြားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ အကြံပြုချက် ၄ ချက်ကိုလည်း ဝမ်ယိက ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံရှိ ပါဝင်သင့်သူအားလုံး တဖြည်းဖြည်း ယုံကြည်မှုတည်ဆောက်ဖို့၊ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ဦးစားပေးထားပြီး အကူအညီတွေ ထိထိရောက်ရောက်နဲ့ ရရှိစေဖို့၊ စိတ်ရှည်သည်းခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မြှင့်တင်ရေးကို ဦးတည်ဖို့နဲ့ ပြည်သူလူထုဆီ အစီအစဉ်တကျ အစိုးရကို ပြန်လည်အပ်နှင်းဖို့၊ မြန်မာနိုင်ငံ အကျိုးစီးပွားကို ဆောင်ရုံမက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်မယ့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာ နယ်မြေဒေသပြင်ပက အင်အားစုတွေရဲ့ ၀င်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကန့်ကွက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ရွေးချယ်မှုကို လေးစားဖို့လည်း အကြံပြုထားပါတယ်။
တရုတ်ဟာ မြန်မာ့ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမြှင့်တင်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ဆက်လက်ပါ၀င်သွားဖို့ ဆန္ဒရှိကြောင်းလည်း တရုတ်ဝန်ကြီး ဝမ်ယီက ပြောပါတယ်။
ဧရာဝဏ်ယူဆွတ်ဖ် ကတော့ သူဟာ အာဆီယံအထူးသံတမန်ဖြစ်တာကြောင့် အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး တွန်းအားပေး လုပ်ဆောင်သွားမှာ ဖြစ်သလို မြန်မာနိုင်ငံအရေးမှာ တရုတ်ရဲ့ စဉ်ဆက်မပြတ် အရေးပါတဲ့အခန်းကဏ္ဍကို လေးစားထောက်ခံကြောင်းနဲ့ တရုတ်နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့လည်း ဆန္ဒရှိတယ်လို့ ပြောသွားပါတယ်။