close

တိုကျိုတက္ကသိုလ်တွင် မြန်မာ့အရေးအွန်လိုင်းစာတမ်းဖတ်ပွဲကျင်းပမည်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုအပေါ် အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာတွေကို အကူအညီပေးဖို့ နည်းလမ်း ဆွေးနွေးဖို့ရည်ရွယ်ပြီး  တိုကျိုတက္ကသိုလ်မှ အွန်လိုင်းစာတမ်းဖတ်ပွဲ ကျင်းပဖို့  ရှိပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ကျင်းပမယ့် ဒီဖိုရမ်ဟာ နိုင်ငံမပြန်နိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ဂျပန်မှာ ကာလကြာရှည် နေသွားနိုင်ဖို့အတွက် သူတို့ကို ကျောင်းသားတွေ၊ ပညာရှင်ဝန်ထမ်းတွေနဲ့ သုတေသီတွေအဖြစ် လက်ခံပေးဖို့ ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေနဲ့ တခြားပညာသင်ဆုတွေကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအင်အားစုတွေ တည်ထောင်ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဖိုရမ်မှာ အဓိကမိန့်ခွန်းတရပ် ပြောကြားဖို့ စီစဉ်ထားတယ်လို့ ဖိုရမ်စီစဉ်သူတွေက ပြောပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းလို့ နိုင်ငံမငြိမ်မသက်ဖြစ်နေရတာကြောင့် ဂျပန်ရောက်မြန်မာတွေ ဆက်လက်နေထိုင် အလုပ်လုပ်နိုင်ဖို့ ဂျပန်အစိုးရက ၆ လ ၁ နှစ် သက်တမ်းတိုးပေးတဲ့ အရေးပေါ်ဆောင်ရွက်ချက် အစပျိုးပေးပြီးနောက်မှာ ခုလို အွန်လိုင်းဖိုရမ် စီစဉ်တာပါ။ 

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေက ကာလတို ဖြေရှင်းနိုင်မယ့်လက္ခဏာ မရှိတာကြောင့် မြန်မာလူမျိုးတွေကို ဂျပန်နိုင်ငံမှာ ဒုက္ခသည်တွေ ဒါမှ မဟုတ် ရေရှည်နေထိုင်သူတွေအဖြစ် အခြေချနေထိုင်ခွင့်ပေးဖို့ ဖုန်းခေါ်ဆိုမှုတွေ တိုးလာခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ လူ့လုံခြုံရေးဆိုင်ရာ အွန်လိုင်းစာတမ်းဖတ်ပွဲမှာ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနဲ့ နယ်မြေလေ့လာရေးနယ်ပယ်မှ သုတေသီတွေဟာ ကျောင်းသားတွေ၊ ပညာရှင်ဝန်ထမ်းတွေအဖြစ် လက်ခံပေးပြီး မြန်မာတွေကို ကာကွယ်ပေးနိုင်မယ့် မူဘောင်တခုကို အထူးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်သူ ကျောင်းသားတွေနဲ့ ပညာရှင်တွေကို အကာအကွယ်ပေးမယ့် ကုလသမဂ္ဂ အစီအစဉ်တခုဖြစ်တဲ့ Global Academic Interdisciplinary Network နဲ့ပူးပေါင်းပြီး ပညာသင်ဆုတိုးချဲ့ဖို့ ဖြစ်နိုင်ခြေကိုလည်း ရှာဖွေသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိမြန်မာလူမျိုးတွေကို ဒုက္ခသည်တွေအဖြစ် အကာအကွယ်ပေးတာဟာ အာရှမှာ ဒီမိုကရေစီ မြှင့်တင်ဖို့ရည်ရွယ်ထားတဲ့ ဂျပန်အစိုးရအတွက် အဓိကကိစ္စဖြစ်တယ်လို့ ပွဲစီစဉ်သူ တိုကျိုတက္ကသိုလ်မှ ပါမောက္ခ  ယာဆူနိုဘုဆာတိုကပြောပါတယ်။ သူတို့ကိုလက်ခံပေးတာဟာ နိုင်ငံတကာစံမီ လုပ်ဆောင်ခြင်းနဲ့ သူတို့ရဲ့ တတ်ကျွမ်းမှုနယ်ပယ်အမျိုးမျိုး ကွဲပြားမှုတွေကို မြှင့်တင်ပေးဖို့ အရေးတကြီးလိုအပ်နေတဲ့ ဂျပန်နိုင်ငံက တက္ကသိုလ်တွေရဲ့ အရေးပါတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေး၀န်ဆောင်မှုအေဂျင်စီရဲ့အဆိုအရ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာလူမျိုး ၃၅၀၀၀ လောက် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up