အာဆီယံကြောင့် မြန်မာအရေး ထိရောက်သည့် တိုးတက်မှုမရှိဟု စင်ကာပူဝန်ကြီး ဝေဖန်

အာဆီယံကြောင့် မြန်မာနိုင်ငံအရေး တိုးတက်မှုဟာ မျှော်လင့်ထားသလောက် ထိရောက်မှု မရှိဘူး လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က သြဂုတ် ၂၀ ရက် သောကြာနေ့မှာ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံအများစုက မြန််မာနိုင်ငံမှာ သံတမန်ရေးအားဖြင့် တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ဖို့ အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံကို တိုက်တွန်းထားတာပါ။
နို၀င်ဘာလမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ အထူးသံတမန်ရဲ့ခရီးစဉ်အကြောင်းကို အစီရင်ခံဖို့ တိုးတက်မှုရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘလာခရစ်ရှ်နန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်က အဓိပ္ပါယ်ရှိတဲ့ ဒီခရီးစဉ်အတွက် အထူးသံတမန်ကို သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ ခွင့်ပြုပေးရမှာဖြစ်တယ်လို့လဲ သတိပေးပြောကြားလိုက်ပါတယ်။
အဓိကကျတဲ့ စမ်းသပ်မှုကတော့ အာဆီယံရဲ့အထူးသံတမန်ကို သူတို့ ဘယ်လိုဆက်ဆံမလဲ ဆိုတာပဲ လို့လည်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်လာပြီး ကျန်းမာရေးစနစ်ကို လွှမ်းမိုးလာတာကြောင့် ပြီးခဲ့တဲ့လတွေအတွင်း မြန်မာ့စီးပွားရေး ကျဆင်းခဲ့တာကြောင့် ဘလာခရစ်ရှ်နန်က အဆိုးတကာ့အဆိုးရွားဆုံး အခြေအနေလို့ဆိုပါတယ်။
အာဆီယံဟာ အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးရေး လွယ်ကူချောမွေ့စေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။ အာဆီယံ (သို့) စင်္ကာပူဟာ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆွေးနွေးညှိနှိုင်းမှု ရှိ မရှိ မေးမြန်းရာမှာ ဘလာခရစ်ရှ်နန်က သူတို့ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းထားတာဖြစ်ပြီး နှစ်ဖက်ကို ခွပြီး ကစားနေတာ မဟုတ်ဘူး လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်ကတော့ ငါတို့ဟာ လူတိုင်းကို ဆွေးနွေးညှိနှိုင်းမယ်ဆိုတာသိတယ် လို့လည်း ဆိုပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေဟာ သာမန်ပြည်သူတွေအတွက်သာ ဖြစ်ပေမယ့် အထီးကျန်မှုကို ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ စစ်တပ်အာဏာပိုင်တွေအပေါ် အကန့်အသတ်ရှိတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံကို အဖွဲ့ကနေ ထုတ်ပယ်တာ ဒါမှမဟုတ် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး အာဆီယံအတွင်း ဆွေးနွေးမှုမရှိဘူးလို့ ဝန်ကြီးကပြောပါတယ်။ အာဆီယံဟာ အပြုသဘောဆောင်တဲ့ဆန္ဒရှိပေမယ့် ပြည်တွင်းနိုင်ငံရေးမှာ ၀င်မစွက်ဖက်ချင်ဘူးလို့လည်း စင်ကာပူဝန်ကြီးက ပြောပါတယ်။
Photo Credit- Vivian