မန္တလေးတွင် လုံးဝအုပ်ချုပ်ခွင့်မရစေရ လှုပ်ရှားမှုအနေဖြင့် ပိတ်ထားသည့်လမ်းများကို လူငယ်အချို့ ပြန်ဖွင့်


မန္တလေးမြို့မှာ ဩဂုတ်လ ၂၀ ရက် မနက် ၆ နာရီကျော်က လုံးဝအုပ်ချုပ်ခွင့်မရစေရ လှုပ်ရှားမှုအနေနဲ့ လူငယ်တချို့ဟာ ပိတ်ထားတဲ့ လမ်းတချို့ကို ပြန်ဖွင့်တာတွေ လုပ်ခဲ့ကြပါတယ်။
မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်တာကို ထိန်းချုပ်တယ်ဆိုပြီး လမ်းတော်တော်များများကို ဝါးလုံးတွေနဲ့တားကာ ပိတ်ထားတာကြောင့် လမ်းသွားပြည်သူတွေ အခက်အခဲရှိကြတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ၃၅ လမ်း အရှေ့ပိုင်းက လမ်းတစ်ချို့ကို လူငယ်တွေက ဖွင့်ခဲ့တာလို့ သပိတ်စစ်ကြောင်းတွေမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“ကိုဗစ်ကို အကြောင်းပြပြီး လမ်းတွေပိတ်တယ်။ ပိတ်တာကလည်း လမ်းကြားတွေမဟုတ်ပဲ လမ်းမကြီးတွေမှာ ပိတ်တာ။ ဒီလိုလုပ်တာကို စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကြောင်းတွေ ချီတက်မရအောင် လုပ်တယ်လို့ပဲမြင်တယ်။ ဘာမှ အကျိုးမရှိဘူး။”
ဒါ့အပြင် စစ်ကောင်စီက ဈေးဝယ်ချိန် နဲ့ ပြင်ပ ထွက်ခွာချိန်ကို မနက် ၄ နာရီကနေ ၉ နာရီအထိ တချိန်၊ ညနေ ၃ နာရီခွဲကနေ ၆ နာရီခွဲအထိ တချိန်သတ်မှတ်လိုက်ပြီး သတ်မှတ်ချိန်မှာ တစ်အိမ်ထောင် တစ်ယောက်သာ ထွက်ဖို့ ထုတ်ပြန်ထားပါတယ်။
ကန့်သတ်ချက်တွေကြောင့် လမ်းတွေမှာ လူတွေရှင်းနေပြီး သပိတ်စစ်ကြောင်းက လူငယ်တွေပဲ ထွက်တာကြောင့် အလွယ်တကူ နောက်ယောင်ခံလိုက် ဖမ်းဆီးနိုင်တဲ့ အခြေအနေတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီလို ကန့်သတ်ထားတာတွေရှိပေမယ့် စစ်ကောင်စီရဲ့ အမိန့်ကို ဆန့်ကျင် လက်မခံတဲ့အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ချီတက်ဆန္ဒပြကြပါတယ်။