သီရိလင်္ကာတွင် ညမထွက်ရအမိန့်ထုတ်၊ သွားလာခွင့် ၁၀ ရက်ကြာ ကန့်သတ်

သီရိလင်္ကာအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ဖို့ သြဂုတ် ၂၀ ရက်ညက စပြီး ၁၀ ရက်ကြာ အသွားအလာ ပိတ်ဆို့ ကန့်သတ်ကြောင်း ကြေညာလိုက်ပါတယ်။
သီရိလင်္ကာမှာ သြဂုတ် ၂၀ ရက်က ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်ခံ ၈၆၁၄ ယောက်နဲ့ ကူးစက်ခံ သေဆုံးသူ ၁၈၆ ယောက် ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
သြဂုတ် ၂၃ ရက်က စပြီးနေ့တိုင်း ည ၁၀ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
လူဦးရေ ၂၂ သန်း ရှိတဲ့ သီရိလင်္ကာနိုင်ငံက ဆေးရုံတွေအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာတွေ ပြည့်လာနေလို့ ဆေးဘက် ပညာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ စီးပွားရေးသမားတွေက ကူးစက်မှု ထိန်းချုပ်ရေး ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ ကန့်သတ်ဖို့ ဆော်သြခဲ့ကြတာပါ။
နည်းနည်းပို အနစ်နာခံနိုင်ရေး ပြင်ဆင်ထားဖို့ ပြည်သူတိုင်းကို မေတ္တာရပ်ခံပါတယ်လို့ သမ္မတက သောကြာနေ့က လူထုကို ပြောတဲ့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
“ပြည်သူ ၄၃ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးပြီ စက်တင်ဘာ ၁၀ ရက်ကစပြီး ဒုတိယ ကာကွယ်ဆေးကို ပြည်သူ အားလုံးကို ထိုးပေးမယ်”လို့ သမ္မတက ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ မနှစ်က ကပ်ရောဂါ စတည်းက ခုထိ ကူးစက်ခံစုစုပေါင်း ၃၇၃၀၀၀ ကျော် ရှိပြီး ကူးစက်ခံသေဆုံးသူ ဦးရေ ၆၇၉၀ ထိရှိထားတယ်လို့ ရိုက်တာ သတင်းဌာနက သြဂုတ် ၂၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။