ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများထဲတွင် ၇ လသားအရွယ်မှ အသက်ရာကျော်အထိပါဝင်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးကြရသူတွေထဲမှာ အသက် ၇ လသားအရွယ်ကနေ ၁၀၁ နှစ် အရွယ်ထိ ပါဝင်တယ်လို့ ကိုဗစ်-၁၉ ရောဂါ အခြေအနေ စီမံကြီးကြပ်ရေးဗဟိုဌာန (စီစီအက်စ်အေ)က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၆၀ အထက် သက်ကြီးရွယ်အို ၁၅၅ ယောက်နဲ့ ၄၃ ယောက်ကတော့ ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘန်ကောက်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ယောက်၊ အသက် ၈၈ နှစ် အရွယ် ဆရာဝန်တယောက်နဲ့ ပရာချွတ် ခီရိခန်က ၇ လသားအရွယ် ကလေးငယ်တ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံတဝန်း ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂၄၂ ယောက်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉,၅၆၂ ယောက် ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူပေါင်းကတော့ ၁၇,၄၉၁ ယောက်ရှိခဲ့ ပြီး ၃၉၈ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၂၂,၁၃၄ ယောက်နဲ့ လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရသူစုစုပေါင်းကတော့ ၁ သန်းကျော်အထိ ရှိလာပါတယ်။
နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၃၃ နေရာကို ရောက်ရှိနေပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၂ သန်းကျော်၊ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်းသန်း ၁၉၀ ကျော်နဲ့ သေ ဆုံးသူပေါင်း ၄ ဒသမ ၄၄ သန်းကျော် ရှိနေခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။