close

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူ ဒေါ်လာသန်း ၅၀ ကျော် အမေရိကန် ကူညီ

People wait to have oxygen tanks refilled outside the Naing oxygen factory at the South Dagon industrial zone in Yangon, Myanmar, Wednesday, July 28, 2021. Myanmar is currently reeling from soaring numbers of COVID-19 cases and deaths that are badly straining the country’s medical infrastructure. (AP Photo)

ဒုက္ခသည် ၇၀၀,၀၀၀ ကျော်နဲ့ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေအပါအဝင် မြန်မာပြည်သူလူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ကို အမေရိကန်ပြည်ထောင်စုက ကူညီထောက်ပံ့ထားပါတယ်လို့ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စ စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

ဒီအကူအညီတွေကနေပြီး မြန်မာနိုင်ငံအတွင်း ဖေ‌ဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေကို အကူအညီပေးသွားမှာပါ။

အကူအညီပေးမယ့်အထဲမှာ အသက်ကယ်တင် စောင့်ရှောက်ရေး၊ နေရာထိုင်ခင်း၊ မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှု၊ အရေးပေါ်စားနပ်ရိက္ခာတွေအပြင် ရေ၊ မိလ္လာနဲ့ တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ 

ရောဂါပိုး ရှိ မရှိ ပိုပြီးတိုးတက်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ရေးနဲ့ ပြည်သူလူထုကို အသိပညာပေးရေး အစီအစဉ်တွေကတဆင့် မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက်လည်း ဒေါ်လာသန်း ၂၀ ကျော် လူသားချင်းစာနာမှုအကူအညီကို မြန်မာပြည်သူတွေအတွက် အထောက်အပံ့အသစ်အနေနဲ့ ထပ်ဆောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ 

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးအတွက် ဆန္ဒပြတောင်းဆိုမှုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်ကွပ်မှုအတွက်တာဝန်ရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာပါ။ 

အမေရိကန်ဒဏ်ခတ်အရေးယူမှုဟာ စစ်အာဏာရှင်ကို အထိနာစေဖို့ နဲ့ မြန်မာပြည်သူလူထုအပေါ် စီးပွားရေးအရ ထိခိုက်မှုမရှိစေဘဲ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေအတွက် အကူအညီပေးဖို့ သြဂုတ်လ ၁၀ ရက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ-သောမတ်စ် ဂရင်းဖီးလ်က ကြေညာခဲ့တာပါ။ 

အဲဒီအကူအညီအပြင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံကို ဒေါ်လာ ငါးသန်း အကူအညီပေးအပ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်လည်အသက်သွင်းဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေ ကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက်ကိုလည်း သြဂုတ်လ ၃ ရက်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မြန်မာစစ်တပ်ကိုတောင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up