အားပြိုင်နေသည့် နိုင်ငံတကာအသိအမှတ်ပြုရေး

အာဏာသိမ်းတာ ၇ လကျော်ကြာလာသည့်တိုင် နိုင်ငံတကာအသိုက်အဝန်းက စစ်အုပ်စုကိုရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုပါ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မတွေ့ရသေးပေ။
သာမန်အားဖြင့်ဆိုလျှင် အစိုးရများသည် အခြားနိုင်ငံများထံမှ တရားဝင်အသိအမှတ်ပြုမှုရရှိအောင် ကြိုးစားစရာမလိုပေ။ နိုင်ငံတစ်နိုင်ငံ၏အစိုးရအနေနှင့် ထင်ရှားပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့အစည်းတစ်ခု သို့မဟုတ် ခေါင်းဆောင်တစ်ယောက်သည် နိုင်ငံ့ယန္တရားများကို လုံးဝထိန်းချုပ်နိုင်ပြီး ပြည်သူများကလည်း အဆိုပါအဖွဲ့အစည်း (ဝါ) ခေါင်းဆောင်ကို ၎င်းတို့၏ တရားဝင်အစိုးရအဖြစ် သိမှတ်ယုံကြည်ထားသောကြောင့် ဖြစ်၏။
သို့ရာတွင် အစိုးရတစ်ခုတည်းမဟုတ်ဘဲ သူပြိုင်ကိုယ်ပြိုင်ယှဉ်ပြိုင်လာသည့်အခါမျိုးတွင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုမှာ ဧကန်မုချ လိုအပ်လာပြီဖြစ်သည်။ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုခြင်းသည် မည်သည့်အတွက်ကြောင့် အရေးပါရသနည်း။ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုခြင်းသည် နိုင်ငံရေးသင်္ကေတအရ အရေးပါမှုများကို ယူဆောင်လာသည်။ အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကတစ်ဘက်၊ ကိုယ်ကျိုးစီးပွားနှင့် အာဏာရှင်စနစ်ကတစ်ဘက် အားပြိုင်သည့်အခါမျိုးတွင် နိုင်ငံတကာ၏အသိအမှတ်ပြုမှုမှာ နိုင်ငံရေးအရအကျိုးရှိစေရုံတင်မက စိတ်ဓာတ်ရေးရာအရပါ မြှင့်တင်ပေးရာလည်းရောက်သည်။ ယခုမြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် ဒီမိုကရေစီအင်အားစုတို့၏ အားပြိုင်မှုမှာ ထိုအချက်ကို ညွှန်ပြနေသည်။
ထို့ကြောင့် အစိုးရကိုအသိအမှတ်ပြုခြင်းသည် အရေးကြီးလှပေသည်။ အသိအမှတ်ပြုခြင်းသည် အခြားသော ကဏ္ဍများအတွက်လည်း အရေးပါလှသည်။ ငွေကြေးနှင့်ပစ္စည်းရရှိမှု၊ ပြည်တွင်းရှိနိုင်ငံခြားကုမ္ပဏီများထံမှ အခွန်ငွေရရှိမှု၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ ချေးငွေရရှိမှု၊ နိုင်ငံခြားဘဏ်၌ထားရှိသော အရန်ငွေများနှင့် ပိုင်ဆိုင်မှုများရရှိမှု စသည့်ကိစ္စရပ်များသည် အသိအမှတ်ပြုခြင်းနှင့် များစွာ သက်ဆိုင်ပေသည်။
၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်သီးသန့်အရန်ဘဏ်သည် စစ်အုပ်စုကို ပိတ်ဆို့မှုတစ်ခု ပြုလုပ်ခဲ့သည်။ စစ်အုပ်စုက အမေရိကန်တွင်ရှိနေသော ဒေါ်လာတစ်ဘီလီယံကိုရရှိဖို့ မြန်မာ့ဗဟိုဘဏ်မှတစ်ဆင့် ကြိုးပမ်းခဲ့သည်။ သို့သော် အမေရိကန်ဘဏ်က လက်မခံခဲ့ပေ။ တစ်ပတ်အကြာမှာတော့ အမေရိကန်အစိုးရသည် စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် စစ်အုပ်စုအပေါ် ပြစ်ဒဏ်ခတ်မှုများကို ကြေညာခဲ့သည်။ အမေရိကန်၏ အဆိုပါလုပ်ရပ်သည် အစိုးရတစ်ရပ်ကို အသိအမှတ်ပြုခြင်းနှင့် တိုက်ရိုက်တော့မသက်ဆိုင်ပေ။ သို့သော်ငြား အမေရိကန်သည် NUGကို မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုခဲ့လျှင်၊ NUGကလည်း ဒေါ်လာတစ်ဘီလီယံကို ထုတ်ယူဖို့ကြိုးစားခဲ့လျှင်၊ အမေရိကန်သည် ထိုတစ်ဘီလီယံရရှိအောင် လုပ်ဆောင်ပေးနိုင်ဖွယ်ရှိသည်။ ထို့အပြင် ဖေဖော်ဝါရီနှင့် မတ်လက ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ မြန်မာနိုင်ငံကို ငွေပေးမှုရပ်ဆိုင်းလိုက်ခြင်းသည်လည်း စစ်အုပ်စုကို အစိုးရတစ်ရပ်အဖြစ် လက်မခံခြင်းကို ပြသနေခြင်းဖြစ်သည်။
နိုင်ငံတကာတွင် နိုင်ငံရေးအရကိုယ်စားပြုခွင့်ရခြင်းသည်လည်း အစိုးရတစ်ရပ်ကို အသိအမှတ်ပြုမှုနှင့် ဆက်စပ်နေသည်။ ကုလသမဂ္ဂလိုအဖွဲ့အစည်းမျိုးတွင် ကိုယ်စားပြုခွင့်ရရှိပါက နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိအမှတ်ပြုဖို့ အလားအလာများပေသည်။ ထို့အပြင် မြန်မာပြည်သူများ၏ အကျိုးစီးပွားသည်လည်း အသိအမှတ်ပြုခံရသည့် အစိုးရအပေါ် မူတည်ကာ အပြောင်းအလဲများစွာ ရှိလာမည်ဖြစ်သည်။
အစိုးရတစ်ရပ်ကိုအသိအမှတ်ပြုရာတွင် နိုင်ငံများကျင့်သုံးလေ့ရှိသည့်စံနှုန်းများ နိုင်ငံတကာဥပဒေသည် အစိုးရပ်တစ်ရပ်ကို အသိအမှတ်ပြုခြင်းနှင့်ပတ်သတ်၍ တိကျရှင်းလင်းပြတ်သားသည့် လမ်းညွှန်မှု (ဝါ ) လိုအပ်ချက်များ ပြဋ္ဌာန်းမထားပေ။ သို့တိုင် နိုင်ငံများက လက်တွေ့ကျင့်သုံးနေသော စံနှုန်းသုံးခုရှိသည်။ ယင်းတို့မှာ- ထိရောက်စွာထိန်းချုပ်နိုင်မှု ၊တရားဝင်မှု၊ နိုင်ငံတကာဥပဒေအား လေးစားလိုက်နာမှု တို့ဖြစ်သည်။
ထိရောက်စွာထိန်းချုပ်နိုင်မှု
အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်ပြုခံရဖို့အတွက် အဖွဲ့အစည်းတစ်ရပ်သည် "ထိရောက်စွာထိန်းချုပ်နိုင်မှု" စံနှုန်းကို မဖြစ်မနေဖော်ဆောင်ရမည်ဖြစ်သည်။ ထိရောက်စွာထိန်းချုပ်နိုင်မှုဆိုသည်မှာ အုပ်ချုပ်ရေးယန္တရားများအား ထိရောက်စွာလည်ပတ်နိုင်မှု၊ လုံခြုံရေးအဖွဲ့အစည်းများမှတဆင့် ထိရောက်စွာထိန်းချုပ်နိုင်မှု၊ ပြည်သူလူထုမှ လေးစားနာခံလာအောင် စွမ်းဆောင်နိုင်မှု တို့ဖြစ်ကြသည်။
တရားဝင်မှု
အစိုးရတစ်ရပ်အနေဖြင့် တရားဝင်အသိအမှတ်ပြုခံရဖို့ဆိုလျှင် "တရားဝင်မှု” စံနှုန်းနှင့်လည်း ကိုက်ညီရပေမည်။ တရားဝင်မှုဆိုသည်မှာ အာဏာ တရားဝင်နည်းလမ်းတကျရရှိလာခြင်း ဖြစ်သည်။ ပြည်သူလူထုကလည်းထို အာဏာကို အသိအမှတ်ပြုလက်ခံခြင်း ဖြစ်သည်။ ပို၍ရှင်းအောင်ပြောရလျှင် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲတွင် ပြည်သူမှ ရွေးကောက်ထားသည့်အစိုးရမျိုး ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့်ပြောရလျှင် တရားမဝင်အစိုးရဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းကောင်း၊ နိုင်ငံတကာဥပဒေလည်းကောင်း ချိုးဖောက်ကာ ဥပဒေနှင့်မညီဘဲ အာဏာရရှိလာသည့် အစိုးရမျိုးကို ခေါ်ဆိုသည်။
နိုင်ငံတကာဥပဒေအား လေးစားလိုက်နာမှု
တတိယအချက်အနေဖြင့် အသိအမှတ်ပြုခံအစိုးရသည် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာနိုင်စွမ်း၊ လေးစားလိုက်နာလိုသည့်ဆန္ဒ ရှိရမည်ဖြစ်သည်။ သို့မဟုတ်ဘဲ နိုင်ငံတကာဥပဒေကိုချိုးဖောက်မည်ဆိုလျှင် ထိုအဖွဲ့အစည်းကို အစိုးရပ်တစ်ရပ်အဖြစ်အသိအမှတ်ပြုခံရနိုင်ခြေမှာ အလွန်နည်းပါးလှသည်။
စစ်အုပ်စု
ဒီမိုကရေစီနည်းကျ တရားဝင်မှုနှင့်ပတ်သတ်လျှင် စစ်အုပ်စု၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။ အရေးပေါ်အခြေအနေကြေညာခြင်းသည်လည်းကောင်း၊ အကြောင်းပြချက်သည်လည်းကောင်း ၂၀၀၈ အခြေခံဥပဒေနှင့် လုံးဝမျှကိုက်ညီမှုမရှိပေ။ အစိုးရအရာရှိများကို မတရားဖမ်းဆီးထိန်းသိမ်းထားခြင်း၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကို ပြန်လည်ဖွဲ့စည်းခြင်းများအပါအဝင် စစ်အုပ်စု၏ အခြားလုပ်ဆောင်ချက်များသည်လည်း ဥပဒေချိုးဖောက်သည့်လုပ်ရပ်များပင် ဖြစ်သည်။ de facto အရ တရားဝင်မှုအမြင်ဖြင့် ကြည့်မည်ဆိုလျှင်လည်း စစ်အုပ်စုသည် နေပြည်တော်ကလွဲလျှင် မြန်မာနိုင်ငံ၏ နေရာအများစုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရဆဲပင် ဖြစ်သည်။
အရှိန်အဟုန်မပြတ်ဆန္ဒပြမှုများ၊ အစိုးရဝန်ထမ်းများ၏ အကြမ်းမဖက်အာဏာဖီဆန်မှုများက စစ်အုပ်စု၏ de facto တရားဝင်မှုကို စိန်ခေါ်လျက်ရှိသည်။ ထိုသို့ဆန့်ကျင်မှုများကို နှိမ်နင်းရန်အတွက် စစ်အုပ်စုသည် နိုင်ငံတကာဥပဒေကိုချိုးဖောက်ကာ အကြမ်းဖက်လုပ်ရပ်များအားနေ့ စဥ်မပြတ်ဆောင်ရွက်နေသည်။ ဤကဲ့သို့ ပြည်သူလူထုအား သတ်ဖြတ်နှိပ်စက်ကာ မတရားဖမ်းဆီးခြင်းများသည် နိုင်ငံတကာဥပဒေအရလည်း ပြစ်မှုမြောက်ပေသည်။
NUGအစိုးရ
ဒီမိုကရေစီနည်းကျ တရားဝင်မှုနှင့်ပတ်သတ်လျှင် NUG သည် ၂၀၂၀၊ နိုဝင်ဘာရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားသည့်အစိုးရဖြစ်သည်။ ထို့ပြင် နိုင်ငံတဝန်းရှိ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်များ (EAO)၏ နိုင်ငံရေးပါတီများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ EAO များနှင့် နီးနီးကပ်ကပ်ချိတ်ဆက် လက်တွဲကာ ပြည်သူလူထုကို အကူအညီများပေးနိုင်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ပြည်သူလူထု၏ထောက်ခံမှုကို တခဲနက်ရရှိထားသော NUGသည် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပါမည်ဟုလည်း ကတိကဝတ်ပြုထားသည်။ မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သတ်လျှင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်မှုကို လက်ခံပါမည်ဟုလည်း မကြာမီက ကြေညာချက်ထုတ်ပြန်ထားသည်။
နိဂုံး
စစ်အုပ်စုသည် ဒီမိုကရေစီနည်းကျ တရားဝင်မှုမရှိသောအဖွဲ့အစည်း ဖြစ်သည်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခံရခြင်းမဟုတ်ဘဲ မိမိဘာသာခန့်အပ်ထားသည့် အဖွဲ့အစည်းတစ်ခုမျှသာဖြစ်သည်။ ထို့ပြင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်ဥပဒေများကိုလည်း ပြောင်ပြောင်တင်းတင်းနှင့် အဆက်မပြတ်ကျူးလွန်လျက်ရှိသည်။
အခြားတစ်ဖက်တွင် NUGသည် လူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြစ်ကာ နိုင်ငံတကာဥပဒေများကို လိုက်နာရန်အတွက် ခိုင်မာသည့်ကတိကဝတ်တို့ရှိကြောင်း ဖော်ပြထားပြီးဖြစ်သည်။ NUGသည် ပြည်သူလူထု၏ တရားဝင်အစိုးရဟူ၍ ပြည်သူတစ်ရပ်လုံးက တခဲနက်ထောက်ခံထားသည့် အဖွဲ့အစည်းတရပ်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပါမည်ဟုလည်း ကတိကဝတ်ပြုထားသည်။
စစ်အုပ်စုသည် နေပြည်တော်မှလွဲ၍ တိုင်းပြည်၏ မည်သည့်နေရာတွင်မှ ထိထိရောက်ရောက် မထိန်းချုပ်နိုင်သေးပေ။ Covid-19 ကဲ့သို့ ကျန်းမာရေးအကျပ်အတည်းကိစ္စမှာတောင် ပြည်သူလူထုကို မကူညီနိုင်ခဲ့။ ကူညီဖြေရှင်းလိုစိတ်လည်းမရှိခဲ့ပေ။ အခြားတစ်ဖက်မှာတော့ မြန်မာ့နယ်စပ်တွင်အခြေစိုက်ကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်တွဲဆောင်ရွက်နေသော NUG သည် ပြည်သူလူထုကို အကူအညီများပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အသိအမှတ်ပြုရေးကိစ္စနှင့်ပတ်သက်ပါက တစ်နိုင်ငံချင်းစီ၏ သဘောထားမှာ မည်သို့ရှိနိုင်သည်ကို မသိနိုင်ပေ။ သို့သော် NUGသည် အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရရန်အတွက် လိုအပ်သောစံနှုန်းများနှင့် ကိုက်ညီလျက်ရှိကြောင်းတွေ့ရှိရသည်။ သို့ပါသော်လည်း NUG သည် ထိရောက်စွာထိန်းချုပ်နိုင်မှုအတွက် နယ်စပ်ဒေသတွင်သာမက မြို့ပြများတွင်လည်း နယ်မြေစိုးမိုးမှုရှိရန် ယခုထက် ပို၍ကြိုးပမ်းရပေဦးမည်။
အိမ်းထက်မွန်