ဗန်ဒီဘိခ်အတွက် အဲဗာတန်၏ ကမ်းလှမ်းချက်ကို မန်ယူအသင်းပယ်ချ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ဗန်ဒီဘိခ်အတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ တယ်လို့သိရပါတယ်။
အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့နောက် ဆုံးရက်မှာ ယူနိုက်တက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဗန်ဒီဘိခ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့တရားဝင် ကမ်းလှမ်းခဲ့တာပါ။
ဗန်ဒီဘိခ်က ပွဲထွက်ခွင့်ရမယ့်အသင်း ဆီပြောင်းရွှေ့ကစား လိုပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကပယ်ချခဲ့တာကြောင့် ပျက်ပြယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဗန်ဒီဘိခ်ရဲ့ အေးဂျင့်ဖြစ်သူ ဂွီဒိုအယ်လ်ဘာကတော့ ဘယ်အသင်းက ကမ်းလှမ်းတယ်ဆိုတာ ထည့်မပြောပေမဲ့ ယူနိုက်တက်အသင်းဘက်က ပယ်ချခဲ့တာမှန်ကန်ကြောင်းအတည်ပြုပါတယ်။
“အီတလီ၊ ဂျာမနီနဲ့ အင်္ဂလန်က ကလပ်တွေပါ ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်တွေက ကောင်းမွန်ပေမဲ့ ကလပ်အသင်းက ပူးပေါင်းဆောင်ရွက်မှာ ရတာပါ။ ဒါပေမဲ့ ကလပ်ဘက်က မလုပ်ဆောင်ခဲ့ပါဘူး။ စိတ်ပျက်စရာဖြစ်ပေမယ့် သူ့ကို အခွင့်အရေးပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူပွဲကစားခွင့်တွေ ရလာဖို့မျှော်လင့်ပါတယ်”လို့ ဗန်ဒီဘိခ်ရဲ့အေးဂျင့်က ပြောပါတယ်။
အသက်၂၄ နှစ်ရှိ ဟော်လန်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ပွဲထွက်ကစားသမား စာရင်းမှာပါဝင်ခဲ့ပြီး ကျန် ၁၅ ပွဲက မိနစ်အနည်းငယ်သာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။