close

ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် ပိတ်ထားရသည့် ခရီးသွားလုပ်ငန်းဒေသနှင့် အိမ်နီးချင်းနယ်စပ်ဂိတ် များ ပြန်ဖွင့်မည်

ထိုင်းနိုင်ငံမှာ ကိုဗစ် -၁၉ ကူးစက်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဒေသနဲ့ မြန်မာ၊ လော၊ ကမ္ဘောဒီးယား၊ မလေးရှား စတဲ့နယ်စပ်ဂိတ်တွေကို တဆင့်ပြီးတဆင့် ပြန်လည်ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။ 

ဒါဟာ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချား လမ်းညွှန်ခဲ့တဲ့ ရက်ပေါင်း ၁၂၀ တိုင်းပြည်ဖွင့်လှစ်ရေး စီမံချက်ထဲမှာ ပါဝင်ပြီး အဆင့်ပေါင်း ၄ ဆင့် ချမှတ်ကာ တဆင့်စီ ပြန်ဖွင့်သွားမယ်လို့ ထိုင်းနိုင်ငံ ခရီးသွားနဲ့အားကစားဝန်ကြီးဌာန ဝန်ကြီး ဖိဖတ် ရတ်ချ်ကစ်ပရကန်က သတင်းထောက်တွေကို ပြောပါတယ်။ 

ပထမဆင့်အနေနဲ့  ဇူလိုင်မှ စက်တင်ဘာတွင်း အကောင်အထည်ဖော်ဖို့ဖြစ်ကာ ထိုင်းတောင်ပိုင်း ဖူးကက် sandbox၊ ဆမွီပလပ်စ်မိုတယ်၊ ဖူးကက်-စမွီ၊ ဖူးကက်-လိုက်လွေး(ကရပီ)၊ ဖူးကက်-ခေါဝ်လတ် (ဖန်င) စတဲ့ဒေသတွေ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒုတိယဆင့်အနေနဲ့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစ ဘန်ကောက်၊ ချင်းမိုင်(မြို့တွင်း၊ မဲ့လိမ်း၊ ဒွိုင်တောဝ်)၊ ပရကျူတ်ခီရီခန် (ဟွာဟင်)၊ ဖစ်ချ်ပူရီ (ချအမ်း)၊ ချွန်းပူးရီး (ပတ္တယား၊ ဘန်လမုန်း၊ ဆတဟိပ်) စတဲ့ ခရိုင် ၅ ခုရှိ လည်ပတ်စရာနေရာအချို့ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။ 

တတိယဆင့်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကစ နောက်ထပ် ခရိုင်ပေါင်း (၂၁) ခုကို ဖွင့်လှစ်မှာဖြစ်ကြောင်း၊ အဆိုပါခရိုင်တွေမှာ ချင်းရိုင်း၊ ဖရဲ့၊ နန့်၊ လမ်းပွန်း၊ ဆုခိုးထိုင်း၊ ဥဒွန်းဌာနီ၊ နောင်ခိုင်း၊ ဘင်ကန်၊ ဥဘွန်းရာ့ချ်ဌာနီ၊ လွေး(ကျိန်းခန်း)၊ လယောင်း( ကော်စမစ်ကျွန်း)၊ ကျန်ထပူရီ၊ တရတ် (ကော်ကွတ်၊ကော်ချန့်ကျွန်း)၊ ရာ့ချ်ပူရီ၊ ကန်ကျနပူရီ၊ ရနောင်း၊ တရန်း၊ ဆဒွန်း၊ဆုန်ခလာ၊ အယုဒ္ဓယ စသည်တို့ပါဝင်ပါတယ်။ 

စတုတ္ထဆင့်ကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း အိမ်နီးနားချင်းနိုင်ငံ နယ်စပ်ဂိတ်အချို့ကို travel bubble ပုံစံနဲ့ ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။ 

အဆိုပါတံခါးပေါက်တွေကတော့ ကမ္ဘောဒီးယားနယ်စပ်မှာက ဆူရင်း (ချောင့်ကျွမ်း)၊ ဆရာကယောက် (အရန်ပရထေ့စ်)၊ တရတ် (ကော်ကုန်း) စတဲ့နေရာတွေေ၊ မြန်မာနယ်စပ်မှာတော့ ချင်းရိုင်း (မယ်ဆိုင်၊ တာ့ခ် (မဲဆောက်)၊ ရနောင်း (ကော့သောင်)၊ လာအိုနယ်စပ်မှာတော့ နခွန်းဖနုန်၊ နောင်ခိုင်း၊ မုဒ်တာဟန်၊ မလေးရှားနယ်စပ်မှာတော့ ယလား (ပေတုန်)၊ နာရာသီဝပ် (ဆုငိုင်းကိုး-လုပ်)၊ ဆုန်ခလာ) ဒန်နောက်-ပါဒန်ဘေဆာ၊ ဆဒွန်း (ဝမ်းပရကျန်း) စတဲ့ ခရိုင်အသီးသီးရှိ တံခါးပေါက်တွေဖြစ်ပါတယ်။  

ဒါပေမယ့် ဒီစီမံချက်တွေဟာ ထိုင်းနိုင်ငံ တဝန်းလုံး ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးမှု ၇၀ ရာခိုင်နှုန်းပြီးစီးနေတဲ့ အချိန်ဖြစ်ရမယ်လို့ ဆိုပါတယ်။ 

ဒီကနေ့ထိ ထိုင်းနိုင်ငံကာကွယ်ဆေးထိုးမှုအခြေအနေဟာ ၅၀ ရာနှုန်းတောင်မပြည့်သေးတဲ့ အပြင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်မှာလည်း ၁၅၀၀၀ ပတ်ဝန်းကျင် နေ့စဉ်ရှိနေလို့ စိတ်ချရတဲ့ အခြေအနေမရှိသေးကြောင်း လွှတ်တော်အမတ်တချို့က သောကြာနေ့ကကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ထောက်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up