မော်စကိုရှိ ကိုးထပ်အဆောက်အအုံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်၊ ၂ ဦး သေဆုံး

ရုရှားနိုင်ငံမြို့တော်၊ မော်စကိုနားက၊ နိုဂင့်စ်မြို့ ကိုးထပ်အဆောက်အအုံထဲမှာ စက်တင်ဘာ ၈ ရက်က ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ၂ ဦး သေဆုံးပြီး တိုက်ခန်းတွေ ပျက်စီးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
မော်စကိုမြို့ အရှေ့ဘက် မိုင် ၃၀ အကွာက မြို့အတွင်း အဆောက်အအုံနံရံ အပြင်ဘက်မှာ အပေါက်ကြီးကို မြင်ရပြီး အပျက်အစီးတွေလည်း မြေပေါ်မှာ ပြန့်ကျဲနေပါတယ်။
ကနဦး သတင်းအချက်အလက်တွေအရ ကလေး နှစ်ယောက်အပါအဝင် လူငါးယောက် ဒဏ်ရာရပြီး အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ပေါင်းနှစ်ယောက် သေဆုံးထားတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဒေသန္တရအဖွဲ့ခွဲက ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ဖော်ပြပါတယ်။
နံရံတွေနဲ့ ကြမ်းခင်းတွေ ပြိုကျနေတာကို ကယ်ဆယ်ရေးသမားတွေက တွေ့ခဲ့တယ်လို့ ဒေသခံအရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။
အဆောက်အအုံရဲ့ တိုက်ခန်း ၇၃ ခန်းထဲက ငါးခန်း ပျက်စီးခဲ့ပြီး နေထိုင်သူ ၁၇၃ ယောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။