ပရိသတ်ကြည်ဖြူမှု မရရှိပါက အသင်းက ထွက်ခွာမည်ဟု ဂွါဒီယိုလာ သတိပေး

မန်စီးတီးအသင်းနဲ့ ပရိသတ်တွေရဲ့ သဘောကြည်ဖြူမှုမရရင် အသင်းကနေ ထွက်ခွာမယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပရိသတ်တွေ ကွင်းလုံးပြည့် အားပေးတာမျိုးမရှိခဲ့တာကြောင့် ကွင်းလုံးပြည့်လာရောက် အားပေးကြဖို့ ဂွါဒီယိုလာက တိုက်တွန်းခဲ့တာပါ။
ဂွါဒီယိုလာရဲ့ တိုက်တွန်းမှုအပေါ် မန်စီးတီးအသင်း အားပေးသူများအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ကယ်ဗင်ပါးကားက ပြန်လည်ဝေဖန်ခဲ့ပြီး ပရိသတ်တွေရဲ့အခက်အခဲတွေကို ပြန်ကြည့်သင့်တယ်လို့ ဆိုခဲ့တာပါ။
နည်းပြ ဂွါဒီယိုလာကတော့ ပရိသတ်တွေ ကွင်းလုံးပြည့်စေချင်တာကြောင့် ပြောသင့်ပြောထိုက်တာ ပြောခဲ့တာဖြစ်ပြီး အသင်းနဲ့ ပရိသတ်တွေဘက်က သဘောကြည်ဖြူမရှိရင် အသင်းက ထွက်ခွာသွားရုံပဲရှိတယ်လို့ ပြောခဲ့တာပါ။
“ဘာဖြစ်လို့ သူ့ဘက်က အဲဒီလိုစကားပြောတာလဲ၊ နားမလည်နိုင်ဘူး။ ဒီလိုစကားကို ခုမှ ပြောဖူးတာမဟုတ်ဘဲ ကလပ်အသင်းတိုင်းမှာ ပြောခဲ့ဖူးပါတယ်။ ပရိသတ်တွေ လာအားပေးဖို့ လိုတယ်လို့ ကျနော် ပြောခဲ့တာအတွက် မတောင်းပန်နိုင်ပါဘူး”လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
စီးတီးပရိသတ်အဖွဲ့က ပါကားကတော့ ဗုဒ္ဓဟူးညနေခင်း အချိန်တွေနဲ့၊ ကိုဗစ်ကိစ္စတွေကြောင့် အများစုအတွက် ကွင်းထဲ လာအားပေးဖို့အဆင်မပြေကြောင်း မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။