အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုအများဆုံး ကပ်ရောဂါ ဖြစ်လာ

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၂၁ ရက်နေ့ စာရင်းအရ လူပေါင်း ၆၇၈,၀၀၀ ကျော်သွားပြီဖြစ်လို့ အမေရိကန် သမိုင်းမှာ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုအများဆုံး ကပ်ရောဂါ ဖြစ်လာပါတယ်။
အမေရိကန်မှာ ၁၉၁၈ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ စပိန်တုပ်ကွေးကပ်ရောဂါကြောင့် သေဆုံးသူဦးရေကို ကျော်တက်သွားတာလည်း ဖြစ်ပါတယ်။
၁၉၁၈ ကနေ ၁၉၂၀ အတွင်း စပိန်တုပ်ကွေးကပ်ရောဂါ ကူးစက်လို့ အမေရိကန်နိုင်ငံအတွင်း သေဆုံးသူ ဦးရေဟာ ၆၇၅,၀၀၀ လောက်သာ ရှိခဲ့တာလို့ ရောဂါထိန်းချုပ်ဟန့်တားရေးဌာန CDC က ဆိုပါတယ်။
စပိန်တုပ်ကွေးကပ်ရောဂါဟာ ၂၀ ရာစုအတွင်း လူသေဆုံးမှု အများဆုံး ကပ်ဘေး ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံ ဖြစ်တဲ့ လူဦးရေ သန်း ၅၀၀ လောက် စပိန်တုပ်ကွေး ကူးစက်ခံခဲ့ရဖူးပြီး ကမ္ဘာတလွှား ကူးစက်ခံ သေဆုံးသူ ဦးရေ သန်း ၅၀ ထက်မနည်းဘူးလို့ CDC က ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်က ဒေသစံတော်ချိန် ည ၁၁ နာရီမှာ အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူဦးရေ ၆၇၈,၄၀၅ ရှိခဲ့ပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ခြေရာကောက်ထားတဲ့ စာရင်းအင်းတွေက ဆိုပါတယ်။
အမေရိကန်နိုင်ငံအတွင်း ကာကွယ်ဆေးမထိုးရသေးတဲ့ လူတွေအကြား ဒယ်လ်တာဗီဇမျိုးကွဲ ကူးစက်ခံရလို့ ကိုဗစ်-၁၉ ကူးစက် သေဆုံးမှုတွေဟာ ဇွန်လကစပြီး တဟုန်ထိုး မြင့်တက်လာပါတယ်။