တကမ္ဘာလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံ ပံ့ပိုးမည်ဟု တရုတ်သမ္မတပြော

တရုတ်အစိုးရဟာ ဒီနှစ်ကုန်ပိုင်းမှာ တကမ္ဘာလုံးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးဆေး ၂ ဘီလီယံ ပံ့ပိုးသွားဖို့ ရည်မှန်းထားတယ်လို့ စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ကတိပြု ပြောပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးအတွင်း တရုတ်ရဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေကိုလည်း သူက အလေးပေး ပြောဆိုပါတယ်။
တရုတ်ဟာ သူတပါးအပေါ် ဘယ်တော့မှ အနိုင်ကျင့်တာ ကျူးကျော်တာမျိုးလုပ်မှာ မဟုတ်သလို လွှမ်းမိုးဗိုလ်ကျတာမျိုးလုပ်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကုလသမဂ္ဂမှာ မနေ့က ပထမဆုံးပြောတဲ့ မိန့်ခွန်းအတွင်း စစ်အေးတိုက်ပွဲအသစ်မပါတဲ့ အားပြိုင်မှုခေတ်သစ်ကို မြေပုံထုတ် ပြောဆိုအပြီးမှာ ရှီကျင့်ဖျင်က ခုလို ပြောဆိုတာ ဖြစ်ပါတယ်။