ထိုင်းတွင် ဆရာ၊ ဆရာမ ဦးရေ ၇၀ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး

ထိုင်းနိုင်ငံမှာ လာမယ့် ကျောင်းဖွင့်ရာသီအမီ ဆရာဆရာမဦးရေ ၂ သိန်းကနေ ၄ သိန်းကြား၊ စုစုပေါင်းဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်တယ်လို့ အခြေခံပညာရေးကော်မရှင်ရုံး(အိုဘီအီးစီ)က ထုတ်ပြန်ပါတယ်။
လာမယ့် နိုဝင်ဘာ ၁ ရက် ကျောင်းတွေမဖွင့်ခင်မှာ အခြေခံပညာရေး ဆရာ၊ ဆရာမတွေအားလုံး ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ ခန့်မှန်းထားပါတယ်လို့ အိုဘီအီးစီရဲ့ အထွေထွေအတွင်းရေးမှူး အန်ဖွန် ဖီနာဆာက ပြောပါတယ်။
“ကျောင်းပြန်ဖွင့်တဲ့ရက်မှာ ကျောင်းသားတွေအားလုံးကို ကျောင်းတက်ဖို့ ဖိအားပေးသွားမှာ မဟုတ်ပါဘူး။ တကယ်လို့များ မိဘတွေက သူတို့ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးကို စိုးရိမ်တယ်ဆိုရင် အိမ်ကနေပဲ သင်ယူမှုကို ဆက်လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်ရှိ အနီရောင်ဇုန်တွေထဲက စာသင်ကျောင်းတွေကိုလည်း ရောဂါကူးစက်ပျံ့နှံ့မှု လျှော့ချနိုင်ရေးအတွက် ဖွင့်လှစ်နိုင်မယ့်ရက်ကို ဆုံးဖြတ်မှာဖြစ်ပြီး ခရိုင်ဒေသအလိုက် ကျန်းမာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း အကြံပြုချက်တွေနဲ့ ထည့်သွင်းစဉ်းစားသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတဝန်း စာသင်ကျောင်းတွေက ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကမ်ပိန်းကို စတင်နေပြီး မှတ်ပုံတင်ထားတဲ့ ကျောင်းသားအားလုံးကို ကာကွယ်ဆေးထိုးပြီးစီးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကာ လာမယ့် အောက်တိုဘာလလယ်လောက်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
လာမယ့် ၂၀၂၁ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အဖြစ် ဖွင့်လှစ်မယ့် အချိန်မတိုင်မီ ကာကွယ်ဆေး တကြိမ်ထိုးနှံမှုကိုတော့ အန္တရာယ်ရှိ အနီရောင်ဇုန်နယ်မြေ ၂၉ ခုက ကျောင်းသားကျောင်းသူတွေကို ဦးစားပေးဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။
အဆိုပါ အန္တရာယ်ရှိ အနီရောင်ဇုန် နယ်မြေ ၂၉ ခုထဲမှာတော့ စာသင်ကျောင်းပေါင်း ၁၅,၄၆၅ ခု ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ သန်းခွဲကျော်၊ သေဆုံးသူ ၁၅,၀၀၀ ကျော်ရှိနေပါတယ်။