အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုအတွင်း ဟားမတ်စ် ၄ ဦး ထက်မနည်း သေဆုံး

အစ္စရေးစစ်တပ်ဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက ဟားမတ်စ်တွေရဲ့ ကလာပ်စည်းတွေထဲက တခုကို စက်တင်ဘာ ၂၆ ရက်က စီးနင်းခဲ့ရာမှာ သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ဟားမတ်စ် စစ်သွေးကြွ ၄ ယောက်ထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရက ပြောပါတယ်။
ဟားမတ်စ်အကြမ်းဖက်အဖွဲ့အစည်းရဲ့ ကလာပ်စည်းတွေက စစ်ဆင်ရေးတွေ တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် ဟန့်တားဖို့ အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်းမှာ စီးနင်းမှု ငါးကြိမ် ဆောင်ရွက်ခဲ့ပြီး တခြားလူ ၄ ယောက်ကိုလည်း ဖမ်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဂျေရုဆလင်မြို့ အနောက်မြောက်ဘက်က အနောက်ဘက်ကမ်းဒေသ၊ ဘေးတ်အာနန်ရွာမှာ ပါလက်စတိုင်း ၃ ယောက် အသတ်ခံရသလို ဂျေနင်းမြို့နားက ဘာချင်ရွာမှာလည်း ပါလက်စတိုင်း နောက်တယောက် အသတ်ခံရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ အကြမ်းဖက်တိုက်ခိုက်တော့မလို့ လုပ်နေတဲ့ ဟားမတ်စ်တွေကို နှိမ်နင်းဖို့ ရည်မှန်းထားတယ်လို့ အစ္စရေး ဝန်ကြီးချုပ် နတ်ဖ်တာလီ ဘန်းနက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာ ၂၇ ရက်က ပြောတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောသွားခဲ့ပါတယ်။
အစ္စရေးအရာရှိတွေဟာ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေတဲ့ ဟားမတ်စ်တွေကို စိုးရိမ်ကြောင်း ပြောနေခဲ့တာ ကြာပါပြီ။
ဟားမတ်စ်တွေဟာ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကို ပြိုင်ဆိုင်စိန်ခေါ်ပြီး အနောက်ဘက်ကမ်းဒေသမှာ အင်အားတိုးလာဖို့ ကြိုးစားနေပါတယ်။
ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်ရဲ့ ဖှာတာပါတီဟာ ၂၀၀၇ မှာ ဂါဇာကို မထိန်းချုပ်နိုင်တော့ဘဲ ဟားမတ်စ်တွေဆီမှာ အရေးနိမ့်ခဲ့ပါတယ်။
သူကတော့ အစ္စရေးဟာ ပါလက်စတိုင်း ပြည်သူတွေကို ကွင်းဆင်း ကွပ်မျက်နေတယ်လို့ ကြေညာချက် ထုတ်ပြန် စွပ်စွဲခဲ့ပါတယ်။