ထိုင်းတွင် တရက်တည်း ၁၁,၀၀၀ ကျော် ကိုဗစ်ကူးစက်ခံရ၊ အကျဉ်းထောင်များမှ ၁၂၀ ကျော်ပါဝင်

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်မှုအသစ် ၁၀,၂၈၈ ယောက်ရှိခဲ့ပြီး နိုင်ငံတဝန်း အကျဉ်းထောင်တွေက ၁၂၇ ယောက် ပါဝင်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအသစ်ကတော့ ၁၀၁ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၂,၄၉၄ ယောက် ရှိနေခဲ့တာပါ။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၁ သန်းခွဲကျော်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၆,၀၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
သေဆုံးမှုအများဆုံးအဖြစ် ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့က တရက်တည်း ၃၁၂ ယောက်နဲ့ စံချိန်တင်ထားခဲ့ကာ ဩဂုတ် ၁၃ ရက်နေ့က ကူးစက်မှုအသစ် ၂၃,၄၁၈ ယောက်နဲ့ အမြင့် ဆုံးစံချိန်တင်ထားတယ်လို့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။
ထိုင်းနိုင်ငံတဝန်း ခရီးသွားလုပ်ငန်းတွေနဲ့ နိုင်ငံတွင်း ဝင်ရောက်ခွင့်တွေကိုတော့ လာမယ့် နိုဝင်ဘာလမှာ ပြန်လည်စတင်နေဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမှုတွေကိုလည်း အားစိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မ လေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံကတော့ ကူးစက်မှုအမြင့်ဆုံးအမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၃၂ ဒသမ ၆ သန်း ကျော်၊ သေဆုံးသူ ၄ ဒသမ ၇၆ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၂၀၉ ဒသမ ၂၃ သန်းကျော် ရှိပါတယ်။