ယူကရိန်းနိုင်ငံတွင်း နေတိုးစစ်ရေးတိုးချဲ့မှု ရုရှား ဝေဖန်

ယူကရိန်းနိုင်ငံထဲမှာ နေတိုးရဲ့ စစ်ဘက်အခြေခံအဆောက်အဦတွေကို တိုးချဲ့ချထားတာဟာ ဘောင် ကျော်လိုက်တာပဲလို့ ရုရှားအစိုးရက စက်တင်ဘာ ၂၇ ရက်မှာ ဝေဖန်ပြောလိုက်ပါတယ်။
ရုရှားနဲ့ ဘဲလာရုစ်တို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ကာကွယ်ဖို့ အရေးယူ ဆောင်ရွက်မယ်လို့လည်း ပြောလိုက်ပါတယ်။
အိမ်နီးချင်း ယူကရိန်းနိုင်ငံထဲမှာ မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့စစ်တပ်တွေ စစ်ရေးလေ့ကျင့်နေတာကို ဘဲလာရုစ်နဲ့ ရုရှားတို့က တနင်္လာနေ့မှာ ပူးတွဲ ထုတ်ပြန် သတိပေးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ အနာဂတ်မှာ အဖွဲ့ဝင်ဖြစ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ပိုနီးနီးကပ်ကပ်ပေါင်းစည်းနိုင်ဖို့ ကြိုးစားနေပြီး ဒီအကွက်ရွှေ့မှုကို ဘဲလာရုစ်နဲ့ အဓိကမဟာမိတ် ရုရှားက ဆန့်ကျင်ပါတယ်။
ဘဲလာရုစ် သမ္မတကတော့ ယူကရိန်းနိုင်ငံထဲက အခြေအနေတွေကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးပြီလို့ ပြောပါတယ်။
“ယူကရိန်းဟာ နေတိုးအုပ်စုတွေကို ဆွဲသွင်းနေတယ်။ သင်တန်းခန်းမ အယောင်ဆောင်အောက်မှာ တကယ်တမ်းက စစ်အခြေစိုက်စခန်းတွေကို ဖန်တီးနေတယ်။ အမေရိကန်ဟာ ယူကရိန်းမှာ အခြေစိုက်စခန်းတွေကို ဖန်တီးနေတယ်။ ဒါကို တုံ့ပြန်ဖို့ လိုအပ်တာ ရှင်းနေတယ်”လို့ လူကာရှန်ကိုက သမ္မတနန်းတော်မှာ အရာရှိတွေနဲ့ အစည်းအဝေးအတွင်း ပြောပါတယ်။
ယူကရိန်းဟာ အရင်အပတ်ကစပြီး အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တာပါ။
ရုရှားနဲ့ ဘဲလာရုစ် အစိုးရတို့က အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပူးတွဲလေ့ကျင့်နေလို့ အနောက်နိုင်ငံတွေကို တပ်လှန့်သလို ဖြစ်ခဲ့ပါတယ်။