ဒက်ကလန်ရိုက် အစား ကယ်ဗင်ဖိလစ်ကို ပြောင်းလဲ ခေါ်ယူရန် မန်ယူ ကြိုးပမ်း

မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ခံစစ်နေရာအတွက် ဒက်ကလန်ရိုက်အစား လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကို ပြောင်းလဲခေါ်ယူဖို့ ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းနဲ့ ဆွေးနွေးခဲ့ဖူးပေမဲ့ အခုနှစ် နွေရာသီတလျှောက်လုံး အဆင်မပြေဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဒက်ကလန်ရိုက်အစား အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကို ပြောင်းလဲခေါ်ယူဖို့ ကြိုးပမ်းတော့မယ်လို့ ဒေးလီးစတားသတင်းက ဖော်ပြပါတယ်။
ရိုက်အတွက် ပေါင်သန်း ၉ဝ လောက်ပေးချေရနိုင်ပေမဲ့ ကယ်ဗင်ဖိလစ်အတွက်တော့ အဲဒီပမာဏထက် လျော့နည်းပြီးပေးချေရဖို့ ရှိပါတယ်။ ယူနိုက်တက်အသင်းမှာ ကွင်းလယ် ခံစစ်ကစားသမားတွေ ဖြစ်ကြတဲ့ မာတစ်၊ ဖရက်ဒ်နဲ့ မက်တွန်မီနေးတို့ရဲ့ ကစားပုံအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပြီး ကွင်းလယ်ခံစစ် ကစားသမားတစ်ဦး ခေါ်ယူဖို့ တိုက်တွန်းမှုတွေရှိနေတာပါ။ ယူနိုက်တက်အသင်းဟာ အဲရစ်ကန်တိုနာ၊ အလန်စမစ်၊ ရီယိုဖာဒီနန်တို့ကိုလည်း လိဒ်ယူနိုက်တက်ကနေ ခေါ်ယူခဲ့ဖူးပါတယ်။