အာဆင်နယ်နှင့်ပွဲ၌ ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ဟု စပါးနည်းပြဆန်းတို့စ် ဝန်ခံ

အာဆင်နယ်အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ဆုံးဖြတ်ချက်တွေ မှားယွင်းသွားခဲ့တယ်လို့ စပါး နည်းပြ နူနိုဆန်းတို့စ်က ပွဲအပြီးမှာ ဝန်ခံစကားပြောခဲ့ပါတယ်။
စပါးအသင်းဟာ အာဆင်နယ်ကို ပထမပိုင်းမှာပဲ ၃ ဂိုး ပြတ် ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာ ဆွမ်ဟောင်မင်က ချေပဂိုး ၁ ဂိုးသွင်းခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ကစားသမားတွေ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သလို ပွဲထွက်လူစာရင်းနဲ့ ကစားမယ့် အစီအစဉ်တွေ အားလုံးကလည်း မှားယွင်းစွာ ဆုံးဖြတ်ခဲ့မိတယ်လို့ ဆန်းတို့စ်က ပွဲအပြီးမှာ ပြောပါတယ်။
“ဆိုးရွားစွာပဲ ဆုံးဖြတ်ခဲ့မိတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ မလုပ်နိုင်ခဲ့ဘူးဆိုတာပဲ ပြောချင်တယ်။ ကျန်တာတွေကိုတော့ ကျနော့်ကစားသမားတွေကိုပဲ တိုက်ရိုက်ပြောချင်ပါတယ်။”
ဆန်းတို့စ်ဟာ ပထမပိုင်းမှာ ၃ ဂိုး ပြတ်ရူံးနိမ့်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူ အယ်လီနဲ့ နောက်ခံလူ တန်ဂမ်ဂါ တို့ကို လူစားလဲခဲ့ပြီး အိုလီဗာစကစ်နဲ့ အီမာဆင်တို့ကို ထည့်သွင်းကစားစေခဲ့တာ ဖြစ်ပါတယ်။