ပိုကောင်းသည့်ခြေစွမ်းပြသရန် အသင်းသားများကို ဘရူနိုဖာနန်ဒက်စ် တိုက်တွန်း

မန်ချက်စတာယူနိုက်တက် အသင်းသားတွေအနေနဲ့ ပိုကောင်းတဲ့ခြေစွမ်းပြသနိုင်ဖို့ လိုအပ်တယ်လို့ ကွင်းလယ်လူ ဖာနန်ဒက်စ်က ပြောပါတယ်။
မန်ယူအသင်းဟာ မနေ့ညက အဲဗာတန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ၁ ဂိုးစီ သရေသာကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အိမ်ကွင်း ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတာပါ။
ကစားခဲ့တဲ့ အိမ်ကွင်း ၂ ပွဲ ခြေစွမ်းက ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ လုံလောက်မှုမရှိကြောင်း၊ ရာသီအကုန်မှာ အောင်မြင်မှုရချင်ရင်တော့ အခုခြေစွမ်းထက် ပိုကောင်းအောင် ကစားပြဖို့လိုကြောင်း ဖာနန်ဒက်စ်က ကစားသမားတွေကို တိုက်တွန်းခဲ့တာပါ။
အဲဗာတန်နဲ့ ပွဲစဉ်က အနိုင်ရသင့်တဲ့ ပွဲစဉ်ဖြစ်ပြီး အခွင့်အရေးကောင်းတွေ ပိုဖန်တီးနိုင်ခဲ့သင့်သလို ကိုယ့်အမှားတွေကနေ ဂိုးပေးရတာလည်း မဖြစ်သင့်တော့ဘူးလို့ ဖာနန်ဒက်စ်ကပွဲ အပြီးမှာပြောပါတယ်။
နည်းပြဆိုးလ်ရှားကတော့ ရော်နယ်ဒိုကို ပွဲအစကတည်းက အသုံးမပြုခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး မာစီယယ်နဲ့ ကာဗာနီတို့ဟာလည်း သူတို့ကစားရတဲ့အချိန်မှာ အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း ဆိုးလ်ရှားက မှတ်ချက်ပေးခဲ့ပါတယ်။