close

တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသည့် ကလေးသူငယ် ၇၆,၀၀၀ ကျော်ထိရှိလာ

မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ဒေသတွင်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကလေးသူငယ်ဦးရေ ၇၆,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ Save the Children အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြမ်းဖက်စစ်တပ်က မတရားအာဏာ သိမ်းခဲ့ချိန်ကစပြီး နိုင်ငံတဝန်း ဒေသတော်တော်များများမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။

နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကလေးသူငယ်တွေထဲက အများစုကတော့ မိုးထဲ လေထဲ တောထဲမှာ ဘာမှမရှိဘဲ တာပေါ်လင်စထိုး၊ အမိုးအကာလုပ် နေထိုင်နေကြရသလို မိသားစု အများစုကတော့ စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေကြောင့် တရက်ကို တနပ်သာ စားသောက်နေထိုင်ကြရတယ်လို့ Save the Children က ပြောပါတယ်။

စစ်အာဏာသိမ်းမှု စတင်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ အရေအတွက်ကတော့ ၂၀၆,၀၀၀ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ကယား ပြည်နယ်ကတော့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဗဟိုချက်တခုလို ဖြစ်ခဲ့ပြီး စက်တင်ဘာ တလတည်းမှာတင် လူပေါင်း ၂၂,၀၀၀ လောက် ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားတာပါ။

ကလေးသူငယ် ၂၉,၀၀၀ လောက်အပါအဝင် လူပေါင်း ၇၉,၀၀၀ ကတော့ ရွှေ့ပြောင်းနေ ထိုင်နေကြရပြီး ဒီးမော့ဆိုမြို့နယ်တခုတည်းမှာတင် ပြီးခဲ့တဲ့လအတွင်းက ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြောင့် ဒေသတခုလုံးနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ကယားပြည်နယ်မှာ အစာရေစာ ငတ်မွတ်ခေါင်းပါးဘေး၊ ရောဂါဘယနဲ့ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်တယောက်ကတော့ သတိပေးခဲ့ပါတယ်။ 

လတ်တလောမှာတော့ စားနပ်ရိက္ခာနဲ့ အသက်ကယ် ၀န်ဆောင်မှုတွေ လက်လှမ်းမမီနိုင်တာကြောင့် ပိတ်ဆို့ခံထားရတဲ့ စစ်ဘေးရှောင် မိသားစုတွေဟာ ထမင်းတမျိုးတည်းသာ စားသောက်နေကြရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေ၊ ပိတ်ဆို့ကန့်သတ်မှု တွေကြောင့် မြန်မာနိုင်ငံ ဒေသတော်တော်များများကို နိုင်ငံတကာက စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီတွေအနေနဲ့ မရောက်ရှိနိုင်ဘဲ ဖြစ်နေပြီး နိုင်ငံတွင်း ပြည်သူအချင်းချင်း မျှဝေလှူဒါန်းမှုတွေနဲ့သာ ရွှေ့ပြောင်း ဆက်လက်မှီခိုနေကြရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up