close

သီပေါတွင် ကိုဗစ်-၁၉ ရောဂါကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိတ်ကုနေသူ များပြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ကိုဗစ်-၁၉ ရောဂါကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိတ်ကုနေကြပြီး  မနိုင်မနင်းဖြစ်တော့မှသာ ဆေးရုံကို ရောက်ရှိလာကြတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေက ပြောပါတယ်။

"ကျနော်တို့ သီပေါက ရွာတွေမှာ ကိုဗစ်-၁၉ ဖြစ်နေတာကို တုပ်ကွေးဆိုပြီး ကြိတ်ကု‌နေတာတွေ များ‌နေတယ်။ နောက်ဆုံး မနိုင်မနင်းဖြစ်တော့တဲ့ အခြေအနေရောက်မှာ ဆေးရုံကို ရောက်လာကြတယ်" လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဆေးရုံနဲ့ ဆေးပေးခန်းတွေမှာ ပြည်သူလူထုတွေက ဆေးဝါးကုသမှု မခံယူကြတော့တာဟာ သူတို့ယုံကြည်အားကိုး တန်ဖိုးထားတဲ့ ဆရာဝန်နဲ့ သူနာပြု အများစု CDM မှာ ပါဝင်နေကြတာကြောင့် ဖြစ်တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

ရှမ်း‌မြောက်ဒေသခံတဦးက "မြန်မာမှာ ကိုဗစ်- ၁၉ စ‌တွေ့တဲ့ အရပ်သားအစိုးရ လက် ထပ်တုန်းကတော့ ကျေးလက်မြို့ပြမကျန် အစိုးရက ချ မှတ်တဲ့ ညွှန်ကြားချက်နဲ့ စည်းကမ်းတွေကို အားလုံးလေး စားလိုက်နာကြတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေးစားရတဲ့ ဆရာဝန်၊ ဆရာမ အများစုက CDM မှာ ပါဝင်ကြတယ်။ စစ်ကောင်စီအောက်က ဆေးရုံတွေမှာ CDM မလုပ်ဘဲ ကျန်နေခဲ့တဲ့သူတွေကို လေးစားမှု၊ ယုံကြည်မှု မရှိကြလို့ ရောဂါဖြစ်ရင်တောင် ကိုယ့်အိမ်မှာပဲ ကုကြရတာဖြစ်တယ်။ ပိုက်ဆံရှိတဲ့သူက ဆရာဝန် ဆရာမကို အိမ်ပင့်ပြီး ကုတယ်။ ပိုက်ဆံမရှိတဲ့သူကြတော့ နီးစပ်ရာ ဆေးဆိုင်မှာ ဆေးဝယ်သောက်ပြီး ကုတယ်" လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကျန်းမာ ရေးဌာနရဲ့ အောက်တိုဘာ ၆ ရက်နေ့ထိ စာရင်းအရ သီပေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ ကူးစက်ခံရသူ အတည်ပြုလူနာ ၁၅၈၃ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၅၀၆ ဦးနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

သီပေါမြိုနယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မြို့နယ်အတွင်းမှာရှိတဲ့ စည်ပင်သာယာဌာနအောက်က သီပေါမြို့မဈေး၊ နမ့်လန်မြို့မဈေး၊ ဝက်ဝံပျံကျဈေးတို့ကို အောက်တိုဘာလ (၆) ရက်နေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up