close

ပုလဲနှင့် ဒီပဲယင်းမြို့တို့တွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းတွေကို ဒေသခံ PDF တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်ဘက်ကနေ ပုလဲမြို့နယ်ကို ဆင်းလာတဲ့ စစ်ကောင်စီညွှန်မှူးပါတဲ့ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၁ ရက် မနက် ၈ နာရီက နတ်ရေကန်အနီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်နဂါးက ပြောပါတယ်။

“ကျနော်တို့ စစ်ကောင်စီယာဉ်တန်းမှာ ညွှန်မှူးအဆင့်ရှိသူ ပါတယ်ဆိုလို့ အဲဒီစစ်ကောင်စီ ကားတန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဗျ။ သူတို့ဘက်က အကျအဆုံးကတော့ များမယ်။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘူး” လို့ ပြောပါတယ်။

အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီယာဉ်တန်းက ယာဉ်တစ်စီး ထိခိုက်ပျက်စီးကာ သေဆုံးအလောင်း ၅ လောင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနီးမှာ မြှုပ်ခဲ့ပြီး ဒဏ်ရာရသူ အများအပြားကို စစ်ကောင်စီဘက်က ကားနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲ တိုက်ခိုက်တဲ့ အနီးတဝိုက်က တောတဲလေးတွေကိုလည်း စစ်ကောင်စီက မီးရှို့တာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီပဲယင်းမြို့နယ် အင်ဘုတ်ရွာနားမှာ ရဟတ်ယာဥ်နဲ့ လာချထားတဲ့ စစ်ကောင်စီ တပ်တွေ တရွာနဲ့တရွာ ပြောင်းရွှေ့စခန်းချပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ပျံကျကျေးရွာနားမှာ ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက “ပထမ ဒီကောင်တွေ အင်ဘုတ်ရွာကနေ မနေ့က စစ်ကြောင်းထွက်လာပြီး ကြည်၊ ဘုရားထွက်မှာ ညနေ တပ်စွဲထားတယ်။ အဲဒီကနေ ဒီမနက် စစ်ကြောင်းပြန်ထွက်တော့ ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်တာ။ မိုင်း ၇ လုံး ကွဲတယ်။ တလုံးကောင်းကောင်းမိတယ်။ ၁၀ ဦးထက်မနည်း စစ်ကောင်စီဘက်က သေဆုံးနိုင်တယ်ဗျ။ ပစ်တာကတော့ စစ်ကောင်စီဘက်က ရမ်းပစ်နေတာ လက်ရှိအချိန်အထိပဲ” လို့  ပြောပါတယ်။

ဒီနေ့ တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိဘဲ တပ်ဆုတ်နိုင်ခဲ့ပါတယ်။ 

ပုလဲနဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ဒီနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ပုလဲနဲ့ ဘုတလင်မြို့တို့မှာ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသလို ဒီပဲယင်းမြို့နယ်က သစ်ရာအိုက်ရဲစခန်းလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်တွေအကြား အောက်တိုဘာလအတွင်း နှစ်ဘက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up