close

ဩစတြေးလျ ကုန်သွယ်ရေးသဘောတူညီမှုက မြန်မာ့အ‌ရေး ပြီးဆုံးတော့မယ့် အချက်ပြနိမိတ်လေလား

ကမ္ဘာ့အကြီးဆုံးလွတ်လပ်စွာကုန်သွယ်မှုစာချုပ်မှာ ဩစတြေးလျနိုင်ငံက တင်းပြည့်အဖွဲ့ဝင်ဖြစ်သွားပြီ ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါစာချုပ်ဟာ ဒေသတွင်းပြည့်စုံသည့် စီးပွားကုန်သွယ်ဖက်သဘောတူညီချက် (Regional Comprehensive Partnership Agreement-RCEP) လို့ခေါ်တွင်းပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံတွေနဲ့ ချုပ်ဆိုတဲ့ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူ စာချုပ်လည်း ဖြစ်ပါတယ်။

အခုလို ၁၅ နိုင်ငံချုပ်ဆိုတဲ့ စာချုပ်ဟာလူ ဦးရေသန်း ၂၂၀၀ ရှိတဲ့ ဈေးကွက်ကို အကျိုးရှိစေမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးရဲ့  ၂၉ ရာခိုင်နုန်းအထိ ထုတ်လုပ်မှုရှိမှာ ဖြစ်ပါတယ်။

ဩစတြေးလျရဲ့ ကုန်သွယ်ရေးသမဂ္ဂများကောင်စီကတော့ အရင်တုန်းကအခုလို စာချုပ်မှာလက်မှတ်ရေးထိုးတာကိုမလုပ်ဖို့ စကော့မော်ရစ်ဆန်ဦးဆောင်တဲ့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ကောင်စီရဲ့ဥက္ကဋ္ဌ မိုက်ကယ်အိုနေးလ်က “စာချုပ်ကိုလက်မှတ်ထိုးတာဟာ မြန်မာပြည်က စစ်အာဏာရှင်ကို ငွေကြေးထောက်ပံ့တာနဲ့ တရားဝင်စေတာပဲဖြစ်စေလိမ့်မယ်”လို့ ပြောကြားနေတာပါ။

ဒါပေမဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မိမိတို့ဟာ မြန်မာပြည်အပေါ်ထားတဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားမှာမဟုတ်ကြောင်း၊ စစ်တပ်ကို အရပ်သားတွေအပေါ် အကြမ်းဖက်တာတွေချက်ခြင်းရပ်တန့်ပြီး၊ တွေ့ဆုံဆွေးနွေးဖို့၊ ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနဲလ် အပါအဝင်အကြောင်းမဲ့ ဖမ်းဆီးထားတဲ့သူအားလုံး ကိုပြန်လွှတ်ပေးဖို့တောင်းဆိုကြောင်း ထည့်သွင်းဖေါ်ပြထားပါတယ်။

လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ ပြည့်တဲ့ ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၁ ရက်မှာ စာချုပ်စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

အခုလိုဒေသဆိုင်ရာလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်မျိုးကို သမ္မတအိုဘားမားလက်ထက်က အမေရိကန်နိုင်ငံက ဦးဆောင်စည်းရုံးပြီး Tran-pacific Partnership လို့ ခေါ်တဲ့စာချုပ်အဖွဲ့ကို ဖွဲ့ဖို့ ဆောင်ရွက်ခဲ့ပေမဲ့ သမ္မတဒေါ်နယ်ထရမ့်ပ်လက်ထက်မှာ အမေရိကန်က မပါဝင်တော့တဲ့အတွက်၊ အခုလို တရုတ်နိုင်ငံက ဦးဆောင်ဖွဲ့စည်းတဲ့ RCEP စာချုပ်မှာ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ ပါဝင်လာတာဖြစ်ပါတယ်။

မြန်မာ့အရေးဆောင်ရွက်နေသူတွေကတော့ ဩစတြေးလျရဲ့ အဆိုပါခြေလှမ်းကို ဆန့်ကျင်ကန့်ကွက်နေကြပေမဲ့၊ တရုတ်ဦးဆောင်တဲ့စီးပွားရေးစာချုပ်မှာ ဩစတြေးက ပါဝင်လက်မှတ်ရေးထိုးခြင်းဟာ မကြာမီနိုင်ငံတကာက စစ်အစိုးရကို အရေးယူဖယ်ရှားတော့မှာဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်း ကိုပြန်ရောက်မှာ သေချာနေတဲ့ အချက်ပြ နိမိတ်တခုလည်း ဖြစ်နိုင်ပါတယ်။

အေးမင်း(တာမွေ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up