close

စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း ၁ ဦး ပစ်သတ်ခံရ

စစ်တပ်ပိုင် Mytel  ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် (CFO) ရေတပ် ဗိုလ်မှူးဟောင်း သိန်းအောင် နိုဝင်ဘာ  ၄ ရက် ဒီနေ့  မနက်က ရန်ကုန်မြို့မှာ   သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

ဒီနေ့မနက် ၇ နာရီခွဲလောက်က  မရမ်းကုန်မြို့နယ်၊  ၇ / ဂ ရပ်ကွက် ၇ မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် ၂၆/အေ G1 နေအိမ်ရှေ့မှာ လမ်းလျှောက်ထွက်လာတဲ့ ဗိုလ်မှူးဟောင်းသိန်းအောင်နဲ့ ဇနီးတို့ သေနတ်သမားက ပစ်ခတ်ခဲ့တာကြောင့်  ကျည်ဆန် ၄ ချက်ထိမှန်ခဲ့ပြီး ဗိုလ်မှူးဟောင်းသိန်းအောင်  အခင်းဖြစ်နေရာမှာ တင်သေဆုံးသွားခဲ့တာပါ။ 

သူ့ရဲ့ ဇနီးဖြစ်သူ ဒေါက်တာ သိမ့်အောင်သူကတော့ လက်၊ ခါးနဲ့ ခြေထောက် တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ 

သေဆုံးသွားတဲ့  ဗိုလ်မှူးသိန်းအောင်ဟာ DSA အပတ်စဉ် ၂၈  ကျောင်းဆင်းဖြစ်ပြီး တချိန်က   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ရဲ့ ကိုယ်ရံတော် ကိုယ်ရေးအရာရှိဖြစ်ပါတယ်။

လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ အလွန်ရင်းနှီးတဲ့ စစ်တက္ကသိုလ် အမှတ်စဉ်တူသူငယ်ချင်းတွေဖြစ်သလို လက်ရှိကာကွယ်ရေးဦးစီးချုပ် (လေ)  ဗိုလ်ချုပ်မောင်မောင်ကျော်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့သူဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်တပ်နဲ့ စစ်ခေါင်းဆောင် မိသားစု စီးပွားရေးနဲ့  ဆက်နွှယ်တဲ့   Mytel  ကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ Mytel  ရုံးတွေ  နိုင်ငံတဝန်းမှာ ရာနဲ့ချီပြီး  ဗုံးခွဲ မီးရှို့ ဖျက်ဆီးခံနေရတာရှိပေမဲ့ ခုလို ကုမ္ပဏီရဲ့ အရေးပါတဲ့ အဆင့်မြင့်အရာရှိ တဦး ပစ်သတ်ခံရတာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up