close

အမျိုးသမီးများကိုအကာအကွယ်ယူပြီး စစ်ကောင်စီတပ်က မြိုင် PDF ကို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၅ ရက်က အိမ်စီးကားပေါ်မှာ အရပ်ဝတ်နဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အမျိုးသမီးတွေကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူကာ  မြိုင်PDF တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခံခဲ့တယ်လို့ မြိုင် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

“အကြမ်းဖက်စစ်အုပ်စုတွေဟာ မနေ့က ပြည်သူတွေသုံးတဲ့ အိမ်စီးကားကို သုံးပြီးတော့ အမျိုးသမီးတွေကို မတ်တပ်ရပ်ခိုင်းပြီး အကာကွယ်ရယူကာ မြိုင်PDF တပ်ဖွဲ့ကို တိုက်ခိုက်ရာ ကံကောင်းလို့ လွတ်မြောက်ခဲ့တာ” လို့ မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါကြောင့် မြိုင်PDF တပ်ဖွဲ့အနေနဲ့ မိဘပြည်သူတွေကို ကားမှန်ချမောင်းနှင်ကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ အတူယှဉ်တွဲမနေဖို့ ၃ ကြိမ်တိုင်တိုင် ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်လို့ ယခုနောက်ဆုံးအကြိမ် ထပ်မံသတိပေး ကြေညာချက်ထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။

မြိုင် PDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့နဲ့ ပတ်သက် ဆက်နွှယ်သူတွေကိုပါ အကြမ်းဖက်စစ်အုပ်စုကို တိုက်သလိုမျိုး တိုက်ခိုက်သွားမှာ ဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းကူညီပေးကြပါလို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ကား သုံးစီးကို မြိုင်-ဗဟင်း ကားလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တချို့  ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up