ကျွန်းလှတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အေးချမ်းသာကျေးရွာမှာ နိုဝင်ဘာ ၆ ရက် မနက် ၉ နာရီလောက်က နယ်မြေရှင်းရေးလုပ်နေတဲ့ အင်အား ၂၀၀ လောက်ရှိ အကြမ်းဖက်စစ်တပ်နဲ့ ကျွန်းလှ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျွန်းလှ PDF တာဝန်ရှိသူတစ်ဦးက “နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှု နှစ်ကြိမ်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၂၅ ဦး ကျဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦးနဲ့ ဒေသခံပြည်သူတစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိထားတယ်။ အေးချမ်းသာရွာ အနောက်ဘက်ခြမ်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်မီးရှို့ထားခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက် ကယ်ဆယ်ထားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနက် ၉ နာရီလောက်ကနေ ၁၁ နာရီခန့်အထိ အေးချမ်းသာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပထမအကြိမ် အင်လှရွာနဲ့အေးချမ်းသာရွာကြားမှာ ကျွန်းလှပြည်သူ့ကာကွယ်ရေးတပ်က ပြောက်ကျား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အယောက်၂၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
အေးချမ်းသာရွာနဲ့လိပ်စင်းထောင်ရွာကြားမှာ ဒုတိယအကြိမ် ထပ်မံပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီဘက်က နောက်ထပ် ၆ ဦးလောက် ထပ်မံ ထိခိုက်မှုရှိခဲ့တယ်လို့ ကျွန်းလှ PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျေးရွာနေပြည်သူတွေ မနက်ပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အချို့က ရွာအပြင်ထွက်ပြေးတာရှိသလို ရွာဦးဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်ပုန်းနေတာလည်း ကျန်ခဲ့တယ်ဗျ။ မနက်ကတည်းက ရုတ်တရက်ကြီး ထွက်ပြေးရတာဆိုတော့ လူတွေလည်း ထမင်းငတ်သူက ငတ်နဲ့ပေါ့ဗျာ။ ကျနော်တို့ရွာအပြင်ရောက်လာပြီး မကြာဘူး အသံအကျယ်ကြီး ကြားလိုက်ရတယ်ဗျ။ တောင်ကုန်းပေါ်ကနေလှမ်းမြင်ရတာတော့ နေအိမ်အပေါ်လက်နတ်ကြီးကြပြီး မီးခိုးတွေထွက်လာတယ်။နောက်ပြီး မီးတောက်တွေမြင်ရတယ်။”
အေးချမ်းသာရွာဟာ အိမ်ခြေ ၈၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်တွေဟာ ရွာစာသင်ကျောင်းမှာ စခန်းချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လှမ်းပစ်နေတာကြောင့် ဒေသခံတွေ အနားမကပ်ရဲကြဘူးလို့ ဒေသခံက ဆိုပါတယ်။
“ဘုန်းတော်ကြီးကျောင်းမှာ ကျန်ခဲ့တဲ့ အမျိုးသမီးတွေကို ရိုက်နက်စစ်ဆေးနေတာလုပ်နေတယ်။ ရွာဦးကျောင်းဆရာတော်ရဲ့ ဖုန်းတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ဖုန်းတွေလည်း အကုန်သိမ်းသည်းခံထားရတယ်။”
အေးချမ်းသာရွာအပါအဝင် အနီးပတ်ဝန်းကျင်ရွာတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်ထားကြဖို့ ကျွန်လှ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။
ကျွန်းလှမြို့နယ်အတွင်း အောက်တိုဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ကိုအသုံးပြုပြီး လေးကြောင်းပစ်ကူတာတွေလုပ်ခဲ့သလို ကျွဲတဲကျေးရွာမှာလည်း အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ပစ်ခတ်တာကြောင့် အပြစ်မဲ့ရွာသား ၇ ဦး ကျည်ထိမှန်ခဲ့ပြီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အေးချမ်းသာရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။