နားနှစ်ဖက်ကိုင်ပြီး အောင်ပွဲခံခဲ့သည့် မက်ဂွဲယားက မည်သူ့ကိုမှ မရည်ရွယ်ဟု ဖြေရှင်း

အယ်လ်ဘေးနီးယားကို ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံပုံဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ညွှန်းတာမဟုတ်ကြောင်း အင်္ဂလန်အသင်း နောက်ခံလူ မက်ဂွဲယားက ပြောပါတယ်။
မန်ယူနိုက်တက် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မက်ဂွဲယားဟာ ကလပ်အသင်းက ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေခံခဲ့ရပြီး အယ်ဘေးနီးယားနဲ့ ပွဲမှာတော့ ပွဲချိန် ၉ မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပြီး နောက် နားနှစ်ဖက်ကို ကိုင်ပြီး အောင်ပွဲခံခဲ့တာပါ။
သူ့ရဲ့ အောင်ပွဲခံပုံစံဟာ ဝေဖန်သူတွေကို နှုတ်ဆိတ်ဖို့ ပြောတဲ့သဘော ပါဝင်တာကြောင့်ရွိုင်ကိန်းနဲ့ အီရန်ရိုက်တို့ကလည်း ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ဂန္ထဝင် ရွိုင်ကိန်းကဆိုရင် မက်ဂွဲယားရဲ့အောင်ပွဲခံပုံစံက စိတ်ပျက်စရာကောင်းပြီး အဲဒီလို ဂိုးသွင်းတတ်ရုံနဲ့ ကလပ်က ခြေစွမ်းကို ဖုံးကွယ်လို့မရဘူးလို့ ပြောပါတယ်။
မက်ဂွဲယားကတော့ လက်နှစ်ဖက်နဲ့ နားနှစ်ဖက်ကိုကိုင်ပြီး အောင်ပွဲခံခဲ့ပေမယ့် ဘယ်သူ့ကို မရည်ညွှန်းကြောင်း၊ ယူနိုက်တက် အသင်းခေါင်းဆောင်တစ်ယောက်အဖို့ ရလဒ်မကောင်းချိန်မှာ ဝေဖန်မှုတွေ ခံရမှာကို ကြိုသိထားကြောင်း မက်ဂွဲယားက ဖြေရှင်းသွားခဲ့ပါတယ်။