ကေအိုင်အေတွင် တာ၀န်ထမ်းနေသူတစ်ဦး၏ ဖခင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) စစ်တပ်မှာ နှစ်ပေါင်းများစွာ တာ၀န်ထမ်းဆောင်နေတဲ့ အရပ်ဘက်၀န်ထမ်းတယောက်ရဲ့ ဖခင်ဖြစ်သူကို သူနေထိုင်ရာ ပဲခူးတိုင်း နတ်တလင်းမြို့နယ်၊ ခြောက်ခမ်းကျေးရွာကနေ နို၀င်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ၀င်ရောက်ဖမ်းဆီးသွားတယ်လို့ မိသားစု၀င်တွေဆီက သိရပါတယ်။
မိသားစုနဲ့ နီးစပ်သူတစ်ဦးက “သူ့သားက ကေအိုင်အေတပ်မှာ နှစ်ပေါင်းများစွာကြာအောင် တာ၀န်ထမ်းဆောင်ရင်း ကချင်တိုင်းရင်းသူတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ကလေး ၃ ယောက်တောင်ရနေပြီ။ ကေအိုင်အေ မှာက စစ်ဘက်၀န်ထမ်းလည်း မဟုတ်ဘူး၊ လျှပ်စစ် ၀န်ထမ်းဖြစ်တယ်။ အဒါကို အခုမှ PDF ရဲဘော်ရဲ့အဖေဆိုပြီး ဖမ်းသွားတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၆၃ နှစ်အရွယ် ဦးကြုတ် ခေါ် ဦးစိုးလှိုင်ဖြစ်ပြီး express ကားစပယ်ယာဖြစ်တဲ့ သားအကြီးဖြစ်သူရဲ့ လုပ်စာနဲ့ စားသောက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ကေအိုင်အေတပ်ဖွဲ့က သားဖြစ်သူကတော့ အငယ်ဖြစ်ပြီး အဆက်အသွယ်ပြတ်နေတာ ကြာပြီလို့ သိရပါတယ်။
ဦးကြုတ် ခေါ် ဦးစိုးလှိုင်ကို နတ္တလင်းမြို့နယ်ထဲက တာပွန်ရဲစခန်းမှာ လတ်တလော ဖမ်းဆီးထားတယ်လို့ ရဲတပ်သားတယောက်ဆီက သိရပါတယ်။