သြစတြေးလျတွင် ကိုဗစ်ကာကွယ်ဆေးစည်းကမ်းချက်သစ်ကို လူထောင်ချီ ကန့်ကွက်ဆန္ဒပြ

သြစတြေးလျနိုင်ငံ၊ မယ်ဘုန်းမြို့မှာ အစိုးရက ချမှတ်လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ဆိုင်တဲ့ စည်းကမ်းချက်တွေကို ကန့်ကွက်တဲ့ အနေနဲ့ လူ ထောင်နဲ့ချီ ဆန္ဒပြနေကြပါတယ်။
သြစတြေးလျ တစ်နိုင်ငံလုံးမှာ ၁၆ နှစ်နဲ့အထက် လူဦးရေရဲ့ ၈၃ ရာခိုင်နှုန်းဟာ ကိုဗစ် ကာကွယ်ဆေး အပြည့် ထိုးပြီး ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးကို မိမိတို့ရဲ့ ဆန္ဒအလျောက် ထိုးခွင့်၊ မထိုးခွင့် ဆုံးဖြတ်ခွင့်ပေးထားပါတယ်။
ဒါပေမဲ့ ပြည်နယ်တွေနဲ့ နယ်မြေတွေမှာ ကာကွယ်ဆေးနဲ့ ဆိုင်တဲ့ စည်းကမ်းချက် အသစ်တွေမှာတော့ ဆေးမထိုးရသေးရင် အလုပ်လုပ်ခွင့်မပေးတာမျိုး၊ စားသောက်ဆိုင် ထိုင်ခွင့်မပေးတာမျိုး၊ ပွဲလမ်းတွေ တက်ခွင့်မပြုတာမျိုးနဲ့ ပြန်ကန့်သတ်ထားတာပါ။
ဒီလို ကန့်သတ်ချက်တွေကို မကျေနပ်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ စည်းကမ်းချက် အသစ်တွေ စတင် အသက်ဝင်မယ့် စနေနေ့က မယ်ဘုန်းမြို့မှာ စုဝေးပြီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။
လူထောင်ချီပေမယ့် ဆန္ဒပြပွဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားတယ်လို့ သြစတြေးလျ မီဒီယာတွေက ဖော်ပြပါတယ်။
သြစတြေးလျမှာ ဒုတိယလူဦးရေအများဆုံးရှိတဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ လူဦးရေ ၂၅ သန်းရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လူဦးရေက ၈၇ ရာခိုင်နှုန်း ရှိပါတယ်။
ဗစ်တိုရီးယားပြည်နယ်ဟာ တင်းကျပ်တဲ့ လော့ဒေါင်း စည်းကမ်းချက်တွေနဲ့လည်း နာမည်ကြီးပြီး အရင်က လော့ဒေါင်း ကာလ ၆ ကြိမ်၊ စုစုပေါင်း ၉ လ နီးပါး ကြာမြင့်ခဲ့ပါတယ်။